#Local_News
Published-12 Setember 2022

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများမှ ယာဉ်စီးခပိုမိုကောက်ခံသည့် ယာဉ်အစီးရေ ၅၃၉ စီးကို အရေးယူဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။

 

သတ်မှတ်ထားသည့် ယာဉ်စီးခထက် ပိုမိုကောက်ခံသည့် ယာဉ်လိုင်းပေါင်း ၁၅ လိုင်းမှ ယာဉ်အစီးရေ ၅၃၉ စီးကို CNG ထုတ်ယူခွင့် သုံးလ၊ ခြောက်လ နှင့် ၅၀၀ အထက်တောင်းသည့် ပြစ်မှုနှင့် ယာဉ်အကူပါရှိသည့်ယာဉ်လိုင်းကို CNG ထုတ်ယူခွင့် တစ်နှစ်ပိတ်သိမ်းထားကြောင်း သိရသည်။

 

“ ယာဉ်စီးခပိုတောင်းတဲ့ယာဉ်လိုင်းတွေကို ထိရောက်စွာအရေးယူဆောင်ရွက်နေပါတယ်။ တိုင်ကြားတဲ့ ခရီးသည်တွေလည်းရှိပါတယ်။ ယာဉ်စီးခကို တိုးမြှင့်ကောက်ခံခွင့်မပြုထားပါဘူး။ ကျွန်တော်တို့အဖွဲ့တွေကလည်း ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

 

ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ စီးပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၃ သိန်းဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေကြောင်း သိရသည်။ ယင်းအပြင် YPS ကတ်စနစ်ဖြင့် စိးနင်းသူခရီးသည်ဦးရေဟာ ငါးသောင်းပတ်ဝန်းကျင်ရှိပြီး တိုးတက်လာကြောင်း သိရသည်။

 

ဆက်လက်၍ YPS ကတ်ဖြင့် ယာဉ်စီးခပေးချေသည့်အခါတွင် ယခင်လို ဂိတ်စ-ဂိတ်လယ်-ဂိတ်ဆုံး မှတ်တိုင်သတ်မှတ်သည့် ဖြတ်ပိုင်းခရိးစဉ်နှင့်မကောက်ခံတော့ဘဲ စီးနင်းသည့် မှတ်တိုင်အရေအတွက်ကိုသာ အခြေခံကောက်ခံသည့်စနစ်ကို စမ်းသပ်ဆောင်ရွက်နေကြောင်းလည်းသိရသည်။

 

#Ymg/STH
#Yangon_Media_Group