#Local_News
Published - 3 September 2022

 

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် ရွှေ့ပြောင်းလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI- Certificate of Identity) လျှောက်ထားနိုင်သည့် CI စင်တာများကို ပြည်နယ် လေးခုတွင် ထပ်ဖွင့်ရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။

 

CI စင်တာများ ထပ်ဖွင့်ရန် ထိုင်းအစိုးရဝန်ကြီးအဖွဲ့ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက တင်ပြထားခြင်းဖြစ်ကြောင်း၊ အဆိုပါ CI အထောက်အထား ပြုလုပ်ရန် ရွှေ့ပြောင်းလုပ်သား သုံးသိန်းနီးပါး ကျန်နေ ခြင်းကြောင့် ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်အထိ စမုပရကန် ၊ စမုဆာခွန်၊ ရနောင်းနှင့် ချွန်ဘူရီပြည်နယ်တွင် CI စခန်းများ ထပ်ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။

 

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် နေထိုင်ခွင့်ဗီဇာနှင့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ(CI- Certificate of Identity)စာအုပ်ရှိမှသာ ဥပဒေအရ တရားဝင်အလုပ်သမားအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

 

ရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရားဝင်နေထိုင်အလုပ်လုပ်ခွင့်အတွက် နေထိုင်ခွင့်ဗီဇာ တံဆိပ်တုံးထုခြင်း၊ CI စာအုပ်ပြုလုပ်ခြင်းတွေကို ထိုင်းနိုင်ငံအတွင်းက သက်ဆိုင်ရာ CI စင်တာများတွင် ပြုလုပ်ရခြင်းဖြစ်သည်။

 

CI စင်တာများကို ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၂၇ ရက်အထိ ပြည်နယ် ငါးခုတွင် ဖွင့်လှစ်ခဲ့ရာ ရွှေ့ပြောင်းလုပ်သား လေးသိန်းခန့် CI အထောက်အထား ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

CI သက်တမ်း လျှောက်ထားသူများသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ အလုပ်လုပ်ခွင့်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/sth
#Yangon_Media_Group