#Local_News
Published_31 August 2022

 

ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းမှု စက်မှုဇုန် (KMIC) စီမံကိန်းကို အပိုင်း နှစ်ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ်အတွင်းအပြီးသတ်နိုင်ရန် လျာထားကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းကို တောင်ကိုရီးယားအစိုးရပိုင် Land and Housing Corporation (LH) နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန (MOC) တို ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရှိကြောင်းလည်း သိရသည်။

 

KMIC စီမံကိန်းတည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်စခန်းရှိ မြေ ၅၅၆ ဧကပေါ်တွင် ဖော်ဆောင်နေခြင်းဖြစ်ပြီး လွန်ခဲ့သည့်၂၀၁၉ စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ကိုရီးယားသမ္မတ မွန်ဂျေအင်၏ ခရီးစဉ်အတွင်း သဘောတူညီခဲ့ခြင်းလည်း ဖြစ်ကာ ၂၀၂ဝပြည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်က ပန္နက်တင်အခမ်းအနား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

စီမံကိန်း ပထမပိုင်း မြေ ၃၁၅ ဧကပေါ်တွင် အထည်ချုပ်လုပ်ငန်း၊ အစားအသောက်ထုတ်လုပ်သောလုပ်ငန်း၊ ကုန်စည်သိုလှောင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် Logistic Facilities များ ပါဝင်မည်ဖြစ်ကြောင်းနှင့် ဒုတိယပိုင်းအတွက် ကျန်မြေဧရိယာပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံကာ အကောင်အထည်ဖော် မည် ဖြစ်ကြောင်း ၊ ကိုယ်ပိုင်ဓာတ်အားခွဲရုံ၊ ရေသန့်စင်ခြင်းနှင့်ရေဆိုးစက်ရုံ၊ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမကြီးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော အထူး ၄ လမ်းသွား ဆက်သွယ်ရေးလမ်းတစ်ခု ပါဝင်မည် ဖြစ်ကြောင်းလည်း KMIC က ထုတ်ပြန်ထားခဲ့သည်။

 

စီမံကိန်းအတွင်း ဆေးခန်း၊ စာကြည့်တိုက်၊ စတိုးဆိုင်၊ စီးပွားရေးစင်တာ၊ စားသောက်ဆိုင်၊ ဈေးဆိုင်များ ၊ ဘဏ်များ ပါဝင်မည် ဖြစ်ပြီး နိုင်ငံတကာကုမ္ပဏီ ၁၃၅ ခုထိ လာရောက် ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်း တစ်သိန်းကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ဖူးသည်။

#ymg/mt
#Yangon_Media_Group