#Local_News
Published _ 29 August 2022

 

ပြည်ပကို ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း တင်ပို့သူတွေအပေါ် ကန့်သတ်ထားမှုများထဲမှ ပို့ကုန် လိုင်စင်လျှောက်ထားရမည့် ကိစ္စကို နစကက ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းလုပ်ငန်းရှင်များ အသင်းမှ ထုတ်ပြန်ထားသည်။

 

ယင်းဖြေလျှော့ပေးမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းလုပ်ငန်းရှင်များ အသင်းက ဩဂုတ်လ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 

ယခင်က ပြည်ပသို့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် ဆီထွက် သီးနှံများ တင်ပို့ရာတွင် ပို့ကုန်လိုင်စင် လျောက်ထားရာတွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းလုပ်ငန်းရှင်များ အသင်း၏ ထောက်ခံချက်ပါရှိမှသာ လိုင်စင်ထုတ်ပေးမည်ဟု ဩဂုတ်လ ၁ရက်တွင် စီးပွားကူးသန်းဝန် ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

ယခု အဆိုပါ ညွှန်ကြားချက်ပါ ထောက်ခံချက်ယူရမည် ကိစ္စအား လုပ်ဆောင်ရန်မလိုဘဲ လိုင်စင်လျှောက်ထားနိုင်ကြောင်း ပြန်လည်ဖြေလျှော့ပေးလာခြင်း ဖြစ်သည်။

 

အဆိုပါ ဖြေလျှော့ပေးမှုအရ ဩဂုတ်လ ၂၉ ရက်မှ စတင်ကာ ပို့ကုန်လိုင်စင်လျှောက် ထားသူများအနေဖြင့် အသင်း၏ ထောက်ခံစာရယူခြင်း မပြုဘဲ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နစက လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာက ပြည်ပသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းမြေပဲနဲ့ ဆီထွက်သီးနှံ တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေလိုင်စင်နှင့်အတူ ပို့ကုန်ရငွေ ဘဏ်အထောက်အထားပြနိုင်မှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

 

ယင်းအပြင် ပြည်ပသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့်ဆီထွက်သီးနှံ တင်ပို့သူများအနေဖြင့် ငွေပေးချေမှု လုပ်ဆောင်ရာတွင် ဒေါ်လာဖြင့်သာ ငွေပေးချေမှု လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုပိုကုန်ရငွေများကို ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းဈေးဖြင့် နစက အစိုးရလက် အောက်ခံ ဗဟိုဘဏ်ထံသို့ ပြန်လည်လဲလှယ်ရမည်ဟုလည်း ညွှန်ကြားထားခြင်းပင် ဖြစ်သည်။

 

ymg/NN
#Yangon_Media_Group