#LocalNews
Published 28 August 2022

ပင်လယ်ပြင်တွင် ၄၈ နာရီကျော်မျောပါနေသည့် မြန်မာလူမျိုး ၈ ဦးအား တရုတ်နိုင်ငံသင်္ဘောသားများကကယ်ဆယ်ခဲ့ကြောင်းသိရသည်။

 

သြဂုတ်လ ၂၆ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ Wuhan Fuyang Maritime Service Co.,Ltd အုပ်ချုပ်သည့် TRUMP SW သင်္ဘောက ဗီယက်နမ်နိုင်ငံဆိပ်ကမ်းသို့ ခုတ်မောင်းသည့် ရေကြောင်းခရီးစဉ်အတွင်း၌ အန္တရာယ်ကြုံတွေ့သော မြန်မာလူမျိုး ၈ ဦးအား ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ကနဦးသိရှိချက်များအရ ကယ်ဆယ်ခံရသည့် မြန်မာလူမျိုးများသည် ငါးဖမ်းသင်္ဘောကဖြစ်ပြီး လေမုန်တိုင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်သွားရာ ၎င်းတို့က မျောပါနေသော ဆီဗုံးကိုအမှီပြု၍ ပင်လယ်အတွင်း၌ နှစ်ရက်နှစ်ည မျှောပါနေခဲ့ကြောင်းသိရှိရသည်။

 

 

မြန်မာလူမျိုး ၈ ဦးက ကယ်ဆယ်ခံရပြီးနောက် TRUMP SW သင်္ဘောမှ သင်္ဘောသားများက ခြေသလုံးတွင် ဒဏ်ရာရရှိသူအတွက် ဒဏ်ရာပိုးသတ် ဆေးထည့်ပတ်တီးစည်းမှုများလုပ်ဆောင်ပေးခဲ့ပြီး အခြားလူများကလည်း ရေမိုးချိုးပိုးသန့်စင်ပြီးနောက် အစားအစာများစားသုံးခဲ့ကြသည်။ ကယ်ဆယ်ခံရသည့် မြန်မာလူမျိုး ၈ ဦးက TRUMP SW သင်္ဘောနှင့်အတူ ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group