#Local_News
Published_ 24 Aug 2022

ယခင်အစိုးရ (NLD) လက်ထက် ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများမှ နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့သူများ၊ လုပ်ပိုင်ခွင့်ရှိသူများရဲ့ အဂတိလိုက်စားမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်တဲ့ ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်ဘဏ္ဍာ မြန်မာကျပ်ငွေ ၂၅၉,၆၇၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၃၃၂၆၇၄၆ နစ်နာဆုံးရှုံးဖြစ်ပေါ်ခဲ့ကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင် (၃၁) ရက်အထိ အဂတိလိုက်စားခဲ့မှုများကို တိုင်တန်းမှုများအရ စိစစ်ဖော်ထုတ်ပြီး တရားစွဲတင်ပိုခဲ့သည့် ရာဇဝတ်ကြီးမှု ၁၈၆ မှုနှင့် ရာဇဝတ်အထွေထွေမှု ၄၅ မှုရှိတယ်လို့ ဆိုပါတယ်။

 

အဂတိလိုက်စားမှုတွင် အကျုံးဝင်သည့် အစိုးရစီမံကိန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်ခြင်း၊ နိုင်ငံတော်နှင့်ချုပ်ဆိုခဲ့သည့် သဘောတူ စာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာမှုမရှိခြင်း၊ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း၊ အမိန့်ညွှန်ကြားချက်များကို မလိုက်နာခြင်း၊ မိမိကိုယ်ကျိုး စီးပွားရှာခြင်း၊ နိုင်ငံတော်၏ မြေယာပိုင်ဆိုင်မှုများကို အလွဲသုံးစားပြုလုပ်ခြင်းတိုကြောင့် နိုင်ငံတော်ဘဏ္ဍာ နစ်နာဆုံးရှုးစေခဲ့သည့်အမှု ၁၀၈ မှုရှိကာ နိုင်ငံတော်အနေဖြင့် မြန်မာငွေကျပ် သန်းပေါင်း၂၅၉,၆၇၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၃၃၂၆၇၄၆ တိုကို နစ်နာ ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၂၀၁၃ ခုနှစ်၊ ဩဂုတ် ၇ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

 

အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးခြင်း၊ အများပြည်သူအကျိုးစီးပွားအတွက် ဘဏ္ဍာငွေခွဲဝေချထားရာတွင် ထိရောက်မှန်ကန်မှုမရှိခြင်း၊ သဘာဝသယံဇာတများ လေလွင့်ဆုံးရှုံးခြင်း၊ မြေယာများ ဖော်ထုတ်စီမံခန့်ခွဲရာတွင် ထိရောက်အကျိုးရှိစွာ အသုံးမပြုနိုင်ခြင်း၊ ပြည်သူများရသင့်သော အခြေခံအခွင့်အရေးများ နစ်နာဆုံးရှုံးခြင်း၊ ဒေသတွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား အဟန့်အတားဖြစ်စေခြင်းတို့ကြောင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အဖက်ဖက်မှ ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ygm_mnn
#Yangon_Media_Group