#Local_News
Published_ 20 Aug 2022

 

ယခုအချိန်ကတည်းက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

ယမန်နေ့ကကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲမှာ ရွေး/ကော် ဥက္ကဋ္ဌကပြောခဲ့တာဖြစ်ပါတယ်။

 

ရွေးကောက်ပွဲများနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သည် အဓိကတာဝန်ယူရသည့် အဖွဲအစည်းဖြစ်ကြောင်း၊ ကော်မရှင်၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက် ချွတ်ချော်မှုများဖြစ်ခဲ့ပါက ကော်မရှင်၏သိက္ခာ၊ နိုင်ငံ၏သိက္ခာကို ထိခိုက်နိုင်သည့်အတွက် အမှားမရှိရအောင် သတိထားပြီး သဘောရိုးဖြင့် ဆောင်ရွက်ကြဖို့ ပြောပါတယ်။

 

လာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူ အနိုင်ရ (FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR) သို့ ပြောင်းလဲကျင့်သုံးမယ်လို့ ကော်မရှင် ဥက္ကဌကဆိုပါတယ်။
PR စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများရဲ့ မဲများ အဟောသိ ကံ အလဟဿဖြစ်မှုနည်းပါးပြီး ပါတီစုံ၊ လူတန်းစားစုံ၊ အလွှာစုံကိုယ်စားလှယ်များ ပါဝင်လာခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားတဲ့ အစိုးရကို ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။

 

တိုင်းရင်းသားလူနည်းစုပါတီများအနေဖြင့် ယင်းတို့ကို ထောက်ခံသောမဲများ အချိုးအရ ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိလာမည်ဖြစ်ပြီး PR စနစ်၏ သဘောသဘာဝနှင့် ဆောင်ရွက်ရမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် လေ့လာပြင်ဆင်ထားဖို့ မှာကြားခဲ့ပါတယ်။

 

ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ရမည်ဆိုသည့် သန္နိဋ္ဌာန်စိတ်ဖြင့် ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်ကြဖို့ သင်တန်းဆင်းပွဲမှာ ဦးသိန်းစိုးက ပြောကြားခဲ့ပါတယ်။

 

ygm_mnn
#Yangon_Media_Group