#Local_News
Published - 15 August 2022

 

စက်သုံးဆီရှိလျက်နှင့် မရောင်းသည့်ဆိုင်များ၊ အကန့်အသတ်ဖြင့် ရောင်းချသည့်ဆိုင်များကို အရေးယူရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားစာတစ်ရပ် ထုတ်ပြန်လိုက်သည်။

 

ဩဂုတ်လ ၁၃ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည့် အဆိုပါညွှန်ကြားချက်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရက တိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများကြီးကြပ်ရေးထိန်းသိမ်းရေးကော်မတီဆီ ပေးပို့သည့်စာဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ညွှန်ကြားစာတွင်စက်သုံးဆီဈေးကျရန်နှင့် ပြတ်လပ်မှုမရှိအောင် ဖြည့်တင်းဆောင်ရွက် ကြိုးပမ်းလျက်ရှိကြောင်း၊ သို့သော်စက်သုံးဆီဆိုင်အချို့သည် ဈေးနှုန်းပြောင်းလဲမှုရှိမည်ဟု တွက်ချက်ပြီး စက်သုံးဆီပြတ်လပ်ခြင်း (သို့မဟုတ်) လက်ကျန်နည်းခြင်းကို အကြောင်းပြပြီး အရောင်းရပ်ထားခြင်း၊ အကန့်အသတ်နှင့်ရောင်းချ ခြင်းများကို ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

 

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် အရောင်းရပ်ထားခြင်း၊ အကန့်အသတ်နှင့် ရောင်းချသည့်ဆိုင်များကို စိစစ်အရေးယူရန် အဆိုပါညွှန်ကြားစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

 

ပြည်တွင်း၌ စက်သုံးဆီဈေးမှာ အဆမတန်မြင့်တက်လျက်ရှိပြီး နိုင်ငံတစ်ဝန်းစက်သုံးဆီပြတ်လပ်၍ ဝယ်မရသူအများအပြားရှိနေချိန် ယခုကဲ့သို့ ညွှန်ကြားချက်ထွက်လာခြင်းဖြစ်သည်။ လက်ရှိစက်သုံးဆီဈေးနှုန်းမှာ အတက်ဈေးဖြင့် ငြိမ်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

ymg/sth
#Yangon_Media_Group