#Local_News
Published - 13 August 2022

 

ပြည်တွင်းစက်သုံးဆီစျေးမြင့်တက်လာမှုကြောင့် အခြေခံကုန်စည်စျေးနှုန်းများသည် အတက်ဘက်ကိုဦးတည်နေကြောင်းမှ ဘုရင့်နောင်ကုန်စည်ဒိုင်မှသိရသည်။

 

လက်ရှိတွင် နယ်မှ ကုန်ကားများ ပုံမှန်အတိုင်းအဝင်ရှိနေပြီး စျေးနှုန်းအပြောင်းအလဲရှိ၍ အခြေခံစားသောက်ကုန် ကုန်ပစ္စည်းများသည် အတက်ဘက်သို့ ဦးတည်နေခြင်းဖြစ်သည်။

 

"အခုကတော့ ပုံမှန်အတိုင်းပဲ ဝင်နေသေးတယ်ကားတွေက။ နောက်ပိုင်းတော့မပြောတတ်ဘူးပေါ့။ အခုက စျေးတွေကတော့အကုန်ပြောင်းတယ်။ ကြက်သွန်ဆိုလည်း စျေးတက်တယ်။ အာလူးဆိုလည်းစျေးတွေတက်တယ်။ အကုန်တက်နေတယ်"ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဥက္ကဌ ဦးခင်ဟန်က ပြောသည်။

 

နိုင်ငံခြားငွေလဲနှုန်းသည် ဆက်တိုက်မြင့်တက်နေခြင်းကြောင့် စက်သုံးဆီစျေးနှုန်းသည်လည်း မြင့်တက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ စက်သုံးဆီစျေးမြင့်တက်လာခြင်းကြောင့် ၄င်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းအားလုံးသည်လည်း အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

 

ယနေ့(သြဂုတ်လ ၁၃ ရက်) စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာ ၂၃၂၀ ကျပ်၊ 95 တစ်လီတာ ၂၃၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၇၃၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၆၅၅ ကျပ် အထိမြင့်တက်လာနေကြောင်း သိရသည်။

 

"ကုန်စျေးနှုန်းတွေက ဆက်တိုက်တက်နေတာ။ ဒီနေ့ဝယ်တဲ့စျေးနှုန်းက နောက်နေ့သွားဝယ်ရင်မတူတော့ဘူး။ အဆင်မပြေဘူး။ အစစအရာရာ ကုန်စျေးနှုန်းတက်နေတော့ လုပ်ကိုင်စားသောက်ရတာအဆင်မပြေဘူး"ဟု စျေးသည်တစ်ဦးက ပြောသည်။

 

ymg/sth

#Yangon_Media_Group