#Local_News
Published -9 August 2022

 

သြဂုတ်လ ၈ ရက်နေ့မှစပြီး စက်သုံးဆီဈေးနှုန်းမှာ ၂၀၀ ကျော်အထိပြန်လည်မြင့်တက်လာပြီးနောက်ပိုင်းတွင် 92 နှင့် 95 Ron စက်သုံးဆီများ ဆိုင်တိုင်းဝယ်ယူ၍ မရတော့ကြောင်း အငှားယာဉ်မောင်းနှင့် ကိုယ်ပိုင်ယာဉ်မောင်းနှင်သူများထံမှ သိရသည်။

 

92 နှင့် 95 Ron စက်သုံးဆီများကို နံနက်ခင်းပိုင်းတွင် ဝယ်ယူ၍ အဆင်ပြေသော်လည်း နေ့လည်ပိုင်းနှင့်ညနေပိုင်းတွင် ဝယ်ယူ၍မရတော့ကြောင်း သိရသည်။

 

"မနက်ပိုင်းကရတယ်။ နေ့လည်နဲ့ညနေပိုင်းက ဆီလက်ကျန်ရှ်သလောက်ပဲ ရောင်းနေကြတာ။ အခုလည်း ပြည်ပကနေ စက်သုံးဆီတင်သွင်းတာကို လျှော့ချမယ်လို့ကြားတယ်။ နောက်ပိုင်း စက်သုံးဆီဈေးနှုန်းကထပ်တတ်ဖို့ပဲရှိတော့တယ်"ဟု အငှားယာဉ်မောင်း ကိုအောင်ကျော်ကျော်ဦးက ပြောသည်။

 

ယနေ့ (သြဂုတ်လ ၉ ရက်နေ့) စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၁၈၆၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၉၂၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၈၅ ကျပ် ဖြစ်ကြောင်း သိရသည်။

 

ဗဟိုဘဏ်၏ ဒေါ်လာရည်ညွှန်းဈေး ၁၈၅၀ ကျပ် သတ်မှတ်ချိန်က တစ်လီတာ ၁၆၀၀ ကျပ်စွန်းစွန်းသာ ရှိခဲ့သော်လည်း ၂၁၀၀ ကျပ်ကို တိုးမြှင့်လိုက်ချိန်ကစပြီး ဈေးထိုးတက်လာခြင်းဖြစ်ကာ တစ်လီတာ ၁၈၀၀ ကျပ်အောက် ပြန်လည်ရောက်ရှိဖို့ လမ်းမမြင်သေးကြောင်း ဈေးကွက်အကဲခတ်အချို့က သုံးသပ်ပြောဆိုထားသည်။

 

ymg/sth
#Yangon_Media_Group