#Local_News
Published -8 August 2022

 

လာမည့်သုံးလအတွင်း ဖရဲ၊ သခွားတင်ပို့ ရာသီရောက်ရှိလာမည်ဖြစ်သော်လည်း ယခင်နှစ်အခြေအနေများအရ ဈေးကွက်ခန့်မှန်းရန်ခက်ခဲကြောင်း ကုန်သည်များက ပြောသည်။

 

တရုတ်နိုင်ငံသို့ အဓိကတင်ပို့သော ဖရဲ၊ သခွားများအား လက်ရှိတွင် စိုက်ပျိုးပြင်ဆင်နေကြပြီး လာမည့် အောက်တိုဘာတွင် လှိုင်လှိုင်ထွက်ရှိလာမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ကုန်သွယ်မှုလမ်းကြောင်း အဆင်မပြေမှုများရှိခဲ့သဖြင့် တင်ပို့မှုကျဆင်းခဲ့ရာ ယခုနှစ်တွင်လည်း တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာဖြစ်ပေါ်လာနိုင်မည့် အခြေအနေများနှင့် မူဝါဒဆိုင်ရာ အပြောင်းအလဲအချို့ကြောင့် လာမည့်သစ်သီးရာသီတွင် ကုန်သွယ်မှုအခြေအနေကို ကြိုတင်ခန့်မှန်းရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားနှင့် သစ်သီးဝလံများတင်ပို့မှုတွင် ပြီးခဲ့သည့်နှစ်က တန်ချိန် ၆ သိန်းကျော် ရှိခဲ့ပြီး ပုံမှန်ကုန်သွယ်မှုပမာဏထက်ကျဆင်းခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံက ကိုဗစ်ရောဂါကာကွယ်တားဆီးရေးကို အရှိန်မြှင့်ဆောင်ရွက်နေသော်လည်း ကုန်သွယ်ရေး လုပ်ငန်းစဉ်များတွင် ဖြေလျှော့မှုများပေးထားကြောင်းသိရသည်။

 

ဖရဲ၊ သခွားရာသီရောက်တော့မည်ဖြစ်သည့်အတွက် အဆိုပါအသီးများကို စစ်ကိုင်းတိုင်းတွင်အများဆုံးစိုက်ပျိုးပြီး နယ်မြေမအေးချမ်းမှုကြောင့် ပြည်ပတင်ပို့မှုအခြေအနေနှင့်ပတ်သက်၍ မှန်းဆရန်ခက်နေကြောင်း သစ်သီးဝလံနှင့်ပန်းမန်အသင်းက ပြောကြားထားသည်။

 

ymg/sth
#Yangon_Media_Group