#Local_News
Published_2 August 2022

 

အော်ပရာစီ စီမံချက်လုပ်ဆောင်နေသော မလေးရှားတွင် မြန်မာအပါအဝင်နိုင်ငံခြားသားအချို့ ဖမ်းဆီးခံရကြောင်း မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး လုပ်ဆောင်နေသူများက သိရသည်။

 

အဆိုပါ စီမံချက်ကို မလေးရှားနိုင်ငံရှိ JIMWPKL ထိန်းသိမ်းရေးဌာနခွဲက ဇူလိုင်လ ၃၀ ရက်တွင် စတင်ခြင်းဖြစ်ပြီး တရားမဝင်နိုင်ငံခြားသားများအားစစ်ဆင်ရေးတစ်ရပ်အနေဖြင့် ရှာဖွေဖမ်းဆီးခဲ့ရာ လူ ၁၇၁ ဦးကို စစ်ဆေးမှုပြုလုပ်စဉ် ပြည်ပနိုင်ငံသား စုစုပေါင်း ၃၆ ဦးကို ပြစ်မှုကျူးလွန်မှုဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားများ အပါအဝင်နိုင်ငံခြားသားများအား မလေးရှားနိုင်ငံ ဥပဒေပုဒ်မ - ၁၅(၁)(ဂ) လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၉၅၉/၆၃ ပုဒ်မ - ၆(၁)(ဂ) လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ ပုဒ်မများဖြင့် အရေးယူဆောင်ရွက်နေကြောင်း မလေးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး လုပ်ဆောင်နေသူများက ပြောသည်။

 

အဆိုပါ အဖမ်းခံထားရသူ ၃၆ ဦးထဲတွင် အိန္ဒိယနိုင်ငံသား (၂၆)ဦး၊ အင်ဒိုနီးရှား(၃)ဦး၊ မြန်မာ(၃)ဦး၊ပါကစ္စတန် နိုင်ငံသား (၄) ဦးတို့ဖြစ်ကြောင်းသတင်းရရှိသည်။

 

"သူတို့က ဘာပြစ်မှုနဲ့ ဖမ်းခံရတယ်ဆိုတာတော့ မသိဘူး။ ပြစ်မှုတွေ ကျူးလွန်တာရှိတယ်ဆိုပြီးတော့ ပတ်ဝန်းကျင်က တိုင်တာတွေကြောင့် စစ်ဆေးတာကနေ အဖမ်းခံရတာ။ ကျွန်တော်တို့ နိုင်ငံသားတွေပါတာက ဘယ်သူဘယ်ဝါ မသိရသေးဘူး။ စုံစမ်းပြီးတော့ လိုအပ်တာတွေကို ကူညီသွားရမှာပေါ့"ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်နေသူတစ်ဦးကပြောသည်။

ymg/mt
#Yangon_Media_Group