#Local_News
Published - 22 July 2022

 

ဆေးဝါးနှင့်ဆေးပစ္စည်းများ တင်သွင်းသော ကုမ္ပဏီများအနေဖြင့် ကုန်ပစ္စည်းပြတ်လပ်မှု မရှိစေရေးအတွက် နိုင်ငံခြားငွေဝယ်ယူခြင်းမပြုဘဲ ကုမ္ပဏီအစီအစဉ်ဖြင့် တစ်ဖက်ကုန်ရောင်းသူသို့ ငွေလွှဲမည်ဆိုပါက ကုမ္ပဏီဒါရိုက်တာ ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော ဝန်ခံကတိပြုစာဖြင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသို့ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းအပြင် ကုမ္ပဏီများအနေဖြင့် ဆေးဝါးနှင့်ဆေးပစ္စည်းများအား သွင်းကုန်လိုင်စင်လျှောက်ထားရန်အတွက် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တဆင့် ကျန်းမာရေးဝန်ကြီးဌာနသို့တင်ပြ၍ ကျန်းမာရေးဝန်ကြီးဌာနမှ စိစစ်ထားရှိပြီးသော ကုမ္ပဏီများအားနိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီသို့ တင်ပြဆောင်ရွက်ရကြောင်း သိရသည်။

 

ယခုရက်ပိုင်းအတွင်း သွင်းကုန်ပါမစ် အခက်အခဲများကြောင့် အချိန်မီတင်သွင်းရန် ကြန့်ကြာနေရပြီး ယင်းရဲ့ သက်ရောက်မှုကြောင့် ဈေးကွက်အတွင်း၌ ဆေးဝါးပစ္စည်းများ ဈေးတက်လာသလို ပစ္စည်းပြတ်လပ်မှုတွေပါ ဖြစ်ပေါ်နေကြောင်း သိရသည်။

 

ယင်းကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဘက်မှ သွင်းကုန်လိုင်စင် လျှောက်ထားရန်အတွက် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှတစ်ဆင့် ကျန်းမာရေးဝန်ကြီးဌာနထံ တင်ပြ စိစစ်ထားရှိပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ တင်ပြထားသည့် သွင်းကုန်လိုင်စင်တွေကို ခွင့်ပြုပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/sth
#Yangon_Media_Group