#Local_News
Published_18 July 2022

 

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားသည့် ဦးမောင်ဝိတ်အလှူငွေပေးအပ်ခဲ့သည့် အမှုနှစ်မှု စွဲချက်တင်သင့် မတင်သင့် ယခုလ ၂၅ ရက်တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

"ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့ အမှု ၃ နဲ့ ၄ ကို ဒီနေ့စစ်ဆေးတယ်။ အဂတိက စစ်ဆေးရေးမှူး ဦးမောင်မောင်မြင့်ကို စစ်တာပါ ၊ ဦးရဲထက်တို့နဲ့ တစ်ဖွဲ့တည်းပေါ့။ ဒေါ်လာကိစ္စပဲ၊ ဦးမောင်မောင်မြင့်ကို စစ်ဆေးပြီးတော့ စွဲချက်တင်သင့် မတင်သင့်နှုတ်နဲ့ လျှောက်လဲချက်ပြောကြတယ်။ စွဲချက်မတင်သင့်ဘူးပေါ့။ လာမယ့် ၂၅ ရက်နေ့မှာ စွဲချက်အမိန့်ချမယ်။ စွဲချက်တင်မယ်၊ မတင်ဘူးပေါ့။ သက်သေတွေကတော့ ရှိသေးတယ်"ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

အဆိုပါ အမှုကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်က တရားလွှတ်တော်သို့ ချေဖျက်ခွင့်တင်ထားခြင်းလည်း ဖြစ်ပြီး ချေဖျက်ခွင့် ရမည် မရမည်ကို မသိရသေးပေ။

 

ဦးမောင်ဝိတ်နှင့် ပတ်သက်သည့်အမှုများမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်ကြခြင်းဖြစ်ပြီး အမှု အမှတ် ၃ မှာ ဦးမောင်ဝိတ်က ဒေါ်လာ နှစ်သိန်းခွဲ လှူသည်ဆိုသည့်အမှု ဖြစ်ပြီး အမှုအမှတ် ၄ မှာ ဒေါ်လာ ၃ သိန်း လှူသည်ဆိုသည့် အမှုများ ဖြစ်ကြကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group