#Local_News
Published_ 18 July 2022

 

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ကို ၁၇ရက်နေ့နံနက် ၉ နာရီတွင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

 

ဖွင့်ပွဲအခမ်းအနားတွင် နစက ကောင်စီဝင် Jeng Pheng နော်တောင်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ပြည်သူလူထုအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး၊ အရည်အသွေး အာနိသင်ပြည့်မီသည့်

 

အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်များကို သုံးစွဲနိုင်မည်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဘေးအန္တရာယ် ကင်းရှင်းပြီး၊ အရည်အသွေး ပြည့်ဝသော အစားသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါတယ်။

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို ၂၀၁၃ ခုနှစ် ဩဂုတ် ၁ ရက် တွင် ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ သီးခြားဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး၊ နေပြည်တော် (ရုံးချုပ်)၊ ရန်ကုန်ရုံးခွဲ၊ မန္တလေးရုံးခွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရုံး (၁၂) ရုံးနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း (၁၃) ခု တို့တွင်တိုးချဲ့ဖွဲ့စည်းခဲ့ကာ ယခုအခါ ခရိုင်အဆင့်ရုံး (၃၃) ခုအထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ကို (၂၀၂၁-၂၀၂၂) (၆) လ ဘဏ္ဍာရေးနှစ်ကာလတွင် ရာနှုန်းပြည့်တည်ဆောက် ပြီးစီးခဲ့ကာ ခေတ်မီဓာတ်ခွဲခန်းများ၊ E-submission စနစ်ဖြင့် လက်ခံဆောင်ရွက်နိုင်ရန် Infrastructure များပါဝင်သည့် ရုံးအဆာက်အဦ၊ အရာထမ်းအမှုထမ်း အိမ်ရာများ၊ Training Centre (၁) လုံးစသည့် အဆောက်အဦ (၇) လုံးပါဝင်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group