#Local_News
Published - 16 July 2022

 

ဇူလိုင်လအတွင်း စက်သုံးဆီစျေးနှုန်းများ ဆက်တိုက်ကျဆင်းလာကာ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဇူလိုင် ၁၆ ရက်(ယနေ့)ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းအရ ရန်ကုန်တိုင်းအတွင်း တစ်လီတာလျှင်ငွေကျပ် ၁၇၀၀ အထိကျဆင်းလာကြောင်း စာရင်းများအရ သိရသည်။

 

မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီးနှင့်လွိုင်ကော်တို့တွင် စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာလျှင် ငွေကျပ် ၁၇၀၀ အထက်၌ရှိနေကြောင်း သိရသည်။

 

"ဆီစျေးတွေဆက်တိုက်ကျလာပြီဆိုတော့ အဆင်ပြေတာပေါ့။ ခရီးသည်ကိုလည်း ကားမောင်းရင်းပတ်ရှာလိုရပြီ။ အရင်ကဆီစျေးတွေတတ်တော့ ကားကဘယ်လိုမှမောင်းလို့အဆင်မပြေဘူး"ဟု အငှားယာဥ်မောင်းတစ်ဦးဖြစ်သူ ကိုအောင်ကျော်ကျော်ဦးက ပြောသည်။

 

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 တစ်လီတာလျှင် ၁၇၀၀ ကျပ်၊ 95 တစ်လီတာလျှင် ၁၇၄၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၁၃၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

 

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာမူ ယမန်နေ့စျေးနှုန်းအတိုင်း တစ်လီတာလျှင် ၂၁၉၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ထားသည်။

 

ယင်းအပြင်စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း၌ 92 တစ်လီတာလျှင် ၁၆၀၉ ကျပ်၊ 95 တစ်လီတာလျှင် ၁၆၅၆ ကျပ်အထိကျဆင်းခဲ့သည်။

 

ymg/sth
Yangon_Media_Group