#Local_News
Published_8 July 2022

 

နိုင်ငံဘဏ္ဍာအသိမ်းခံထားရသည့် မော်တော်ယာဉ်များကို လေလံတင်မရောင်းဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

"လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် နိုင်ငံတော်မှ နိုင်ငံပိုင် (ပြည်သူ့ဘဏ္ဍာ) အဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များကို လေလံစနစ်ဖြင့် ထုခွဲရောင်းချမည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရပါသည်။ လက်ရှိအခြေအနေတွင် ဘဏ္ဍာသိမ်းမော်တော်ယာဉ်များ လေလံတင်ရောင်းချမည့် အစီအစဉ်မရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်"ဟု အဆိုပါဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်တီအစည်းအဝေးတွင် လေလံမပစ်မီ ဖမ်းဆီရမိသော ပစ္စည်းများပျက်စီးဆုံးရှုံးသွားလျှင် ဖမ်းဆီးပေးသူများ၏ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီးဖြစ်နိုင်သကဲ့သို့ နိုင်ငံဘဏ္ဍာရရှိမှုလည်း လျော့နည်းသွားမည်ဖြစ်၍ ပုပ်သိုးပျက်စီးလွယ်ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် လေလံတင်ရောင်းချသွားမည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြောကြားထားဖူးသည်။

 

သို့သော်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောသည့် "ပုပ်သိုးပျက်စီးလွယ်ကုန်စည်များ"တွင် တော်တော်ယာဉ်များ ပါဝင်သည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်းလည်း နစက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သည့် ကော်မတီအနေဖြင့် ၂၀၂၂ ဇန်နဝါရီလမှ မေလအထိခန့်မှန်းငွေကျပ် ၂၁ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကာ ယခင်နှစ်ထက် ကျပ် ၁၃ ဘီလီယံကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group