#Local_News

Published - 6 July 2022

 

ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခွဲခန့် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

 

ဇွန်လအတွင်း ဆန်တန်ချိန် ၈၃၉၂၆ တန်၊ ဆန်ကွဲတန်ချိန် ၆၂၁၆၈ တန် စုစုပေါင်း ၁၄၆၀၉၄ တန်ကို ပြည်တွင်းမှကုမ္ပဏီပေါင်း ၃၈ ခုမှ နိုင်ငံပေါင်း ၂၇ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ပင်လယ်ရေကြောင်းမှ ၁၂၅၃၇၄ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ တန် ၂၀၇၂၀ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်တွင်း ဆန်ကို ဖိလစ်ပိုင်၊ တရုတ်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ရိုမေးနီးယားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန် ၃၇၅၃၀ ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း၊ ဆန်ကွဲကို ဘယ်လ်ဂျီယံ၊ တရုတ်၊ ပြင်သစ်၊ စပိန်၊ ဆလိုဗေးနီးယားနိုင်ငံ အပါအဝင် နိုင်ငံပေါင်းကိုးနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

 

ပြည်ပနိုင်ငံသို့ ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲများ တင်ပို့ရာတွင် တစ်လလျှင် ပျမ်းမျှအားဖြင့် တန်ချိန်တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင်အထိ တင်ပို့နေခြင်းဖြစ်ပြီး ဆန်တန်ချိန် နှစ်သန်းခန့်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

 

ယင်းအပြင် မူဆယ်နယ်စပ်ဂိတ်မှလည်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ ပြန်လည်မြင့်တက်လာပြီဖြစ်ကြောင်း ကုန်သည်များ၏ ပြောပြချက်အရသိရသည်။

 

ymg/sth
#Yangon_Media_Group