#Local_News
Pyblished_5 July 2022

 

မြန်မာအမျိုးသမီးအား တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်စေရန်စီစဉ်ရောင်းစားသူများကို ထောင် ၁၀ နှစ် ၊ ၁၅ နှစ် အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက အဆိုပါ အမျိုးသမီးအားရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရိုးကြီးကျေးရွာနေ ဦးထွန်းနိုင်နှင့် မဝါဝါနွယ် (ခ) မဝါတို့က တစ်ရွာတည်းနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးအား တရုတ်နိုင်ငံရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် စားစရိတ်ငြိမ်း ငွေကျပ်သုံးသိန်းရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံအတွင်းသို ခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် အဓမ္မလက်ထပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

ယင်းအပေါ် မှော်ဘီမြို့မရဲစခန်း (ပ) ၂၈၆၂/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ယခု ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်က တရားခံဦးထွန်းနိုင်နှင့် မဝါဝါနွယ်(ခ) မဝါတို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

ယင်းအပြင် ၂၀၂၀ ပြည့်နှစ်က မကွးတိုင်းဒေသကြီး မြို့သစ်မြို့နေ မခင်ငြိမ်းချမ်း(ခ) ငြိမ်းငြိမ်းနှင့် ဒေါ်အေးစန်း ဆိုသူတို့က တစ်မြို့တည်းနေ အသက် ၄၀ အရွယ်အမျိုးသမီးအား တရုတ်နိုင်ငံတွင် ထမင်းချက်အလုပ်လုပ်ပါက တစ်လလျှင် ငွေကျပ် သုံးသိန်းရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေး အကျိုးအမြတ်များ ရယူခဲ့သဖြင့် ဒန့်ဒလွန်ပင်နယ်မြေ ရဲစခန်း (ပ) ၁၇/၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ကာ မကွေးခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန်လ ၃၀ ရက်တွင် တရားခံ မခင်ငြိမ်းချမ်း(ခ) ငြိမ်းငြိမ်းနှင့် ဒေါ်အေးစန်းတို့ကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မအိခိုင်စိုး(ခ) မှဲကြီး၊ မော်မော်ဦး(ခ) ဒေါ်ချော၊ မောင်ဇော်နှင့် ကျော်လေးတို့က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးအား တစ်လလျှင် ငွေကျပ် နှစ်သိန်းခန့်ရမည့် အလုပ်ရှာပေးမည်ဟု ပြောဆိုစည်းရုံး၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် သောင်ကြီးနယ်မြေ ရဲစခန်း (ပ) ၂၂၇၀/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၈ (က)ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇွန်လ ၃၀ ရက်တွင် တရားခံ မအိခိုင်စိုး(ခ)မှဲကြီးနှင့် မော်မော်ဦး(ခ) ဒေါ်ချောတို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ပြီး တိမ်းရှောင်နေသော မောင်ဇော်နှင့် ကျော်လေးတို့အား တရားခံပြေးအဖြစ်ကြေညာခဲ့ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group