#Local_News
Published_28 June 2022

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အဂတိအမှုများကို ယနေ့ ဇွန်လ ၂၈ ရက်တွင် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

 

ယနေ့ စစ်ဆေးမှုများတွင် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့်ပတ်သက်သော အမှုအတွက် တရားလိုပြသက်သေ နှစ်ဦးအား စစ်ဆေးကာ နေပြည်တော်လရောင်တော အမှုအပါအဝင်အမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းသူနှင့်ဒေါက်တာမျိုးအောင်တို့ ကိုယ်တိုင် အစစ်ဆေးခံခဲ့ရကြောင်းလည်း သိရသည်။

 

"မနက်ပိုင်းမှာတော့ မောင်ဝိတ်နဲ့ပတ်သက်တဲ့အမှုထဲက ဒေါ်ခင်ခင်ဦးဆိုတဲ့ လိုပြသက်သေတစ်ယောက်နဲ့ အိမ်အမှတ် ၃၃ ရဲ့ဂိတ်မှူး လိုပြသက်သေရဲတစ်ယောက်ကို စစ်ဆေးပါတယ်။ သူ့အနေနဲ့ အဝင်အထွက်ရှိတာကလွဲလို့ ကျန်တာသူမသိဘူး။ ညနေပိုင်းမှာတော့ အမှုအမှတ် ၃/၂၀၂၂ နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးမင်းသူရယ်၊ ဒေါက်တာမျိုးအောင်ရယ်ကို ကိုယ်တိုင်စစ်တယ်။ ဒါကိုကျတော့တရားခံစစ်လိုခေါ်တာပေါ့"ဟု အဆိုပါ နီးစပ်သူက ပြောသည်။

 

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ အဂတိလိုက်စားခဲ့သည်ဆိုကာ တရားစွဲဆိုခြင်းခံထားရခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် ဇွန်လ ၇ ရက်ရုံးချိန်းတွင် အမှုအမှတ် ၃/၂၀၂၂ အတွက် တရားလိုပြသက်သေ ဒေါ်ဝတ်ရည်ထွေးအား စစ်ဆေးခဲ့ကာ ဇွန်လ ၁၄ ရက်ရုံးချိန်းတွင်စီးပွားရေးလုပ်ငန်းရှင်ဦးရှောက်စန်းနှင့် ဦးမောင်ဝိတ်၏ ယာဉ်မောင်းတိုအား လိုပြသက်သေအဖြစ် စစ်ဆေးခဲ့သေးသည်။

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သော အဂတိအမှု နှစ်မှုတွင် အဓိကတရားလိုပြသက်သေဦးမောင်ဝိတ်အား မေလ ၃၁ ရက်က စစ်ဆေးခဲ့ရာ ယင်းအနေဖြင့် ငွေကြေးလှူဒါန်းခြင်းသာဖြစ်ကြောင်းလည်း ထွက်ဆိုခဲ့ပြီးဖြစ်သည်။

 

ymg/mt
#Yangon_Media_group