#Local_News
Published - 27 June 2022

 

စင်ကာပူ တိရစ္ဆာန်ဥယျာဥ် (Singapore Zoo) မှ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ၂၀၀၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် စတင်ရောက်ရှိခဲ့သည့် အမေရိကန်ကျားသစ်မ မေရီကို Ultrasound ရိုက်ကူးပြီး ရောဂါရှာဖွေစစ်ဆေးရာ Tumor အလုံးများနှင့် အရည်များစွာရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး Tumor အလုံးများ လျော့ကျအောင်ဆောင်ရွက်နေကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရဲ့ ထုတ်ပြန်ချက်အရ သိရသည်၊၊

 

မေရီ၏ ခန္ဓာကိုယ်ဝမ်းဗိုက်ပိုင်း အဆီပြင်မှာ ဖောင်းကားလာပြီး အမြောင်းသဏ္ဍန် ဖြစ်ပေါ်လာ၍ သက်ဆိုင်ရာ ရောဂါရှာဖွေရေးဌာနမှ တာဝန်ရှိဆရာဝန်များ၏ ဦးဆောင်မှုနှင့် တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)ရှိ တိရစ္ဆာန်ထိန်းသိမ်းမွေးမြူရေးနှင့် ဆေးကုသရေးဌာနမှ တာဝန်ရှိဆရာဝန်များမှ ပူးပေါင်း၍ Ultrasound ရိုက်ကူးပြီး ရောဂါရှာဖွေ စစ်ဆေးခဲ့ကြခြင်းဖြစ်သည်၊၊

 

အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကျားသစ်မကြီးရဲ့ အူမကြီး (Large Intestine) နံရံများမှာ မစင်အညစ်အကြေးများစွာ ကပ်ငြိလာခြင်းကြောင့် နံရံများမှာ ပိုမိုထူထဲလာပြီး Tumor အလုံးများနှင့် အရည်များစွာ ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်၊၊

 

ကျားသစ်မကြီးရဲ့ အသက်အရွယ်အရ ခွဲစိတ်ရန်မသင့်လျော်တော့သည့်အတွက် အစားအသောက်ပုံစံပြောင်းလဲခြင်း၊ ကိုယ်လက်လှုပ်ရှား ပိုမိုရရှိအောင် ဆောင်ရွက်ခြင်း၊ Laxative အမျိုးအစားဆေးဝါးများသုံးစွဲပြီး အူမကြီးနံရံရှိ အညစ်အကြေးများနဲ့ အလုံး (Tumor) များကို ပမာဏတစ်ခုထိ လျှော့ကျသွားအောင် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်၊၊

 

ယခုအခါမှာ အမေရိကန်ကျားသစ်မကြီး မေရီမှာ ကျန်းမာသွက်လက်လျှက်ရှိပြီး သူမအား Vitamin & Mineral ဓါတ်များ ပိုမိုရရှိစေရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး အစာအာဟာရအနေဖြင့် အမဲသားနှင့် ပင်လယ်ငါးများကို ကျွေးမွေးထားရှိပြီး နေ့စဉ် ဆီး၊ ဝမ်းနှင့် လှုပ်ရှားမှု၊ စားသောက်မှုပုံစံများကို အနီးကပ်စစ်ဆေးပြီး ပြုစုစောင့်ရှောက်လျှက်ရှိကြောင်း ဖော်ပြပါရှိသည်၊၊

 

အမေရိကန်ကျားသစ် (Jaguar) များဟာ သဘာဝထဲတွင် သက်တမ်း (၁၁−၁၂) နှစ်ခန့်နေထိုင်နိုင်ပြီး မွေးမြူထိန်းသိမ်းထားသည့် နေရာများတွင် သက်တမ်း (၂၀−၂၈) နှစ် ခန့်ထိသာ နေထိုင်နိုင်သောကြောင့် အသက်(၁၈)နှစ်ရှိသည့် မေရီဟာ သက်ကြီးတိရစ္ဆာန် စာရင်းဝင်နေပြီဖြစ်ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group