#Local_News
Published_ 23 June 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ငွေကျပ် သိန်း ၂၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဇွန် ၂၁ ရက် ၁၁ နာရီအချိန်ခန့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅) ရပ်ကွက်တွင် မြင့်သိန်း (ခ)ဂနေ့(ခ)သားကြီး မောင်းနှင်ပြီး အေးလှိုင်(ခ)စိုး၀င်း လိုက်ပါလာသည့် Toyota Corolla Fielder အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။

 

ထိုသို့ရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၃ နာရီ အချိန်ခန့် မြင့်သိန်း(ခ) ဂနေ့(ခ)သားကြီး နေထိုင်သည့် (၄၂) ရပ်ကွက်၊ ပီမိုးနင်း (၃) လမ်းရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀၀၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၇၀၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် သိန်း ၂၇၀၀) အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါတယ်။

 

ထို့ကြောင့် မြင့်သိန်း နှင့် အေးလှိုင်တိုအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုများ ရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group