#LocalNews
Published_18 June 2022

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို တိုးမြှင့်လိုဟု ဘင်္ဂလားဒေ့ရှ်ကုန်သည်များ ပြောကြားခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) က သိရသည်။

ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်က စစ်တွေမြို့ Royal Sittwe Resort ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ဦးဆောင်သော ကုန်သည်များအဖွဲ့နှင့် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)ဦးဆောင်သောကုန်သည်များအဖွဲ့တို့ ဆွေးနွေးခဲ့ကြစဉ် ဘင်္ဂလားဒေ့ရှ်ကုန်သည်များအနေဖြင့် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"လက်ရှိလုပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းထက် ပိုပြီးအဆင်ပြေမယ့် လမ်းကြောင်းတစ်ခုစီစဉ်ပြီး ကုန်သွယ်မှုပမာဏကိုတိုးမြှင့်ချင်လို့ သူတို့ဘက်က အဓိကထားပြီး တွေ့ဆုံဆွေးနွေးကြတယ်။ ကျွန်တော်တို့ဘက်ကကျတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပြင် နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့အရာတွေက ဘာတွေရှိနိုင်မလဲပေါ့ အဲဒါတွေကို ဆွေးနွေးတာပါ။အခုလို တွေ့ဆုံဆွေးနွေးတာကတော့ ကုန်သည်အချင်းချင်းအတွက် စီးပွားရေးပလက်ဖောင်းတစ်ခုဖြစ်လာအောင် ကနဦးအစပျိုးတဲ့သဘောမျိုးပေါ့"ဟုရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးက YMG ကို ပြောသည်။

အဆိုပါဆွေးနွေးပွဲသို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး HE- Manjural Karim Khan Chowdhury နှင့် စစ်တွေကောင်စစ်ဝန် Mohammad Barikul Islam တို့က ဦးဆောင်ဆွေးနွေးကာ လုပ်ငန်းရှင် ၉ ဦး တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) ဘက်မှ အသင်းဥက္ကဌ ဦးတင်အောင်ဦး ဦးဆောင်၍ ရခိုင်ပြည်နယ်ရှိလုပ်ငန်းရှင် ၂၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

photo-RSCCI

ymg/mt
#Yangon_Media_Group