#LocalNews
Published - 17 June 2022

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် မြန်မာအားကစားသမားများကို အထူးကိစ္စရပ်အနေဖြင့် လူစီးမော်တော်ယာဥ်ဝယ်ယူခွင့်ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ရွှေတံဆိပ်ဆုရအားကစားသများကို ပြည်တွင်းရှိ မော်တော်ယာဥ် Showroom နှင့် Sale Centre များမှ စက်စွမ်းအား ၂၀၀၀ စီစီနှင့်အောက်၊ CIF တန်ဖိုး(ဆိပ်ကမ်းရောက်တန်ဖိုး) ကျပ်သိန်း ၃၀၀ နှင့်အောက် လူစီးမော်တော်ယာဥ်တစ်စီးစီ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါလူစီးမော်တော်ယာဥ်နှင့်စပ်လျဥ်း၍ ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခအား ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။

 

"အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ထောက်ခံချက်တွေနဲ့ ကုန်သွယ်ရေးဌာနကို သွားရပါမယ်။ ကုန်သွယ်ရေးဌာနမှာ ပါမစ်ယူပြီး အရောင်းပြခန်းမှာသွားဝယ်ရမှာဖြစ်ပါတယ်"ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခုစုစုပေါင်း ၆၂ ခုရရှိခဲ့ပြီး အဆင့် (၇) နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group