#LocalNews
Published_17 June 2022

 

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၄၇ ရာခိုင်နှုန်းကျော်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ အများဆုံးရှိခဲ့သည့် ရခိုင်ပြည်နယ်တွင် စာမေးပွဲဖြေဆိုသူဦးရေ ၄၁၇၅၅ ဦးရှိသည့်အနက် အောင်မြင်သူဦး‌ရေ ၁၉၇၂၉ ဦးရှိသောကြောင့် ‌ဖြေဆိုသူဦးရေ၏ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် စာမေးပွဲအောင်မြင်သူ ၂၈၁၅ ဦးရှိသည့်အတွက် ဖြေဆိုခဲ့သူဦးရေ၏ ၅၄ ဒသမ ၆၆ ရာခိုင်နှုန်းအောင်မြင်ကာ (၆) ဘာသာဂုဏ်ထူးရှင် (၂၂) ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၃၅)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်(၆၅)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၁၂၉)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင်(၁၉၉)ဦး နှင့် (၁) ဘာသာဂုဏ်ထူးရှင် ၇၇၄ ဦး စုစုပေါင်းဂုဏ်ထူးရရှိခဲ့သူ ၁၂၂၄ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။

 

၂၀၂၂ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၁၇ ရက် (ယနေ့)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး၌ ဝင်‌ရောက်ဖြေဆိုခဲ့သူဦးရေ ၂၈၁၇၅၁ ဦး ရှိသည့်အနက် စာမေးပွဲအောင်မြင်သူ ၁၄၂၀၇၇ ဦး ရှိသဖြင့် တစ်နိုင်ငံလုံး ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group