#LocalNews
Published - 16 June 2022

 

လူမှုကွန်ရက်ပေါ်တွင်ရောင်းချနေသည့် ရေစင်ရေမန်းတွင် FDA (မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန)ခွင့်ပြုချက်မပါသောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် မြန်မာနိုင်ငံရေသန့်စက်ရုံလုပ်ငန်းရှင်များအသင်းမှ တောင်းဆိုပြီးနောက်ပိုင်း ယခုအခါ အရေးယူထားကြောင်း သိရသည်။

 

"FDA က ဇွန်လ ၁၅ ရက်နေ့မှာ အရေးယူတာပါ။ ဥပဒေအရ အရေးမှုတွေဆက်လုပ်မှာပါ"ဟု FDA (မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန) ၏ တာဝန်ရှိသူက YMG ကို ပြောသည်။

 

အဆိုပါ ရေစင်ရေမန်းကို လူမှုကွန်ရက်တွင် ရောင်းချနေသည်မှာ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်ကြောင်းနှင့် တစ်နှစ်ကျော်အကြာတွင် နာမည်ရရှိခဲ့ကာ ဝယ်ယူသူများပြားကြောင်း၊ အဆိုပါ ရေစင်ရေမန်းတစ်ဘူးလျှင် ၂၀၀၀၀ ကျပ်ပေးရကြောင်း သိရသည်။

 

"ကျွန်တော်တို့ဆီကို တိုင်စာတတ်တယ်။ တိုင်စာထဲမှာ နှစ်သောင်းပေးပြီးဝယ်နေရတယ်။ FDA လက်မှတ်လည်းမပါဘူး။ သေချာစစ်ကြည့်လိုက်တော့လည်း FDA ခွင့်ပြုချက်မပါဘူး။ မပါတဲ့အတွက် ကျွန်တော်က မည်သည့်ရေသန့်ကိုမဆို မြန်မာတစ်နိုင်ငံလုံးမှာ ရောင်းမယ်ဆိုရင်တော့ FDA ခွင့်ပြုချက်လိုတယ်။ ဒါကြောင့် FDA လည်းမပါဘူး ဒီဟာကိုအရေးယူပေးပါဆိုပြီး လူမှုကွန်ရက်မှာ ကျွန်တော်ရေးထားတယ်"ဟု မြန်မာနိုင်ငံရေသန့်စက်ရုံလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးရဲထွဋ်က ပြောသည်။

 

ymg/sth
#Yangon_Media_Group