#LocalNews
Published - 15 June 2022

 

ရန်ကုန်အခြေစိုက်အဝေးပြေးကားဂိတ်များ သုံးရက်ပိတ်သည်ဟု သတင်းများထွက်ပေါ်နေသည်မှာ ကောလဟလသာဖြစ်ကြောင်း တော်ဝင်အဆင့်မြင့်ခရီးသည်တင်ယာဥ်လိုင်းမှ သိရသည်။

 

" အဝေးပြေးကားဂိတ်တွေပိတ်တယ်ဆိုတာ မဟုတ်ပါဘူး။ ကောလဟလတွေပါ။ ကျွန်တော်တို့လည်း အဲ့သတင်းတွေကြားနေရတယ် သုံးရက်ပိတ်တယ်ဆိုပြီး။ အမှားတွေပါ"ဟု တော်ဝင်အဆင့်မြင့် ခရီးသည်တင်ယာဥ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယမန်နေ့ညပိုင်းတွင် ဇွန်လ ၁၆ ရက်မှ ၁၈ရက်အထိ အဝေးပြေးကားဂိတ်များပိတ်သည်ဟု လူမှုကွန်ရက်တွင် သတင်းများပျံ့နေကြောင်း သိရသည်။

 

"အဝေးပြေးကားဂိတ်တွေ ပိတ်တယ်ဆိုတာမဟုတ်ပါဘူး။ အဲဒီဘက်ကို ခရီးသည်သွားပို့ရမှာဆိုတော့ အစ်ကိုလည်းသေချာအောင် မေးကြည့်ထားတယ်။ မဟုတ်ဘူးဆိုပြီးပြောတယ်။ နောက်နေ့အတွက် လက်မှတ်ကြိုဝယ်သူတွေတောင်ရှိတယ်"ဟု အငှားယာဥ်မောင်း ကိုအောင်ကျော်ဦးက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအခြေပြု အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့မှ မြန်မာတစ်နိုင်ငံလုံးသို့ ယာဥ်လိုင်းပေါင်း ၃၈၇ လိုင်း ယာဥ်အစီးရေ ၃၇၀၀ ကျော်ဖြင့် နေ့စဥ်ခရီးသည် ၂ သောင်းနီးပါးကို ပို့ဆောင်ပေးနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group