#LocalNews
Published - 15 june 2022

 

ပျူ၊ ပါဠိ၊ သက္ကတဘာသာများဖြင့် ရေးထိုးထားသည့် ရှေးဟောင်းကျောက်စာများကို ဘာသာပြန်ဖတ်နိုင်အောင် သင်တန်းပေးနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲမှသိရသည်၊၊

 

ရှေးဟောင်းကမ္ပည်းကျောက်စာပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူစာပေနှင့် ပါဠိ၊သက္ကတ) အဆင့်(၂) Level – II သင်တန်းကိုအဆိုပါဌာနတွင် ဇွန်လ(၁၃)ရက်မှဇူလိုင်လ(၁၅)ရက်အထိ ဖွင့်လှစ်ထားခြင်းဖြစ်သည်၊၊

 

ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ကုန်းဘောင်ခေတ် စသည့်ခေတ်အဆက်ဆက်တွင် ပျူ၊ ပါဠိ၊ သက္ကတ၊ မွန်၊ မြန်မာဘာသာတို့ဖြင့်ကမ္ဗည်းတင်ကျောက်စာရေးထိုးလေ့ရှိကြပြီး အခုသင်တန်းတွင်ပျူ၊ ပါဠိ၊ သက္ကတ ဘာသာများဖြင့် ရေးထိုးထားသည့်ရှေးဟောင်းကျောက်စာများကို ဖတ်နိုင်အောင်သင်ကြားသွားမည် ဖြစ်သည်၊၊

 

အဆိုပါ သင်တန်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မြန်မာစာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမောင်မောင်ဆွေ၊ ရန်ကုန်တက္ကသိုလ်မှမြန်မာစာပါမောက္ခ/ဌာနမှူး(ငြိမ်း) ဒေါက်တာညိမ်းညိမ်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(ငြိမ်း) ဦးစိန်ဝင်း၊ ပျူကျောက်စာပညာရှင် မစ္စတာမစ်ကီဟတ်တိုက ပျူအက္ခရာ၊ ပျူသဒ္ဒါနှင့် ပျူစာကိုလည်းကောင်း၊ ဒဂုံတက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခ/ဌာနမှူး(ငြိမ်း) ဦးအေးမင်းက ပါဠိဘာသာနှင့် သက္ကတ ဘာသာကိုလည်းကောင်း သင်ကြားပိုချသွားမည်ဖြစ် ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group