#Local_News
Published_ 15 June 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ဇွန် ၁၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ အစည်းအဝေးကို နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မာစွတ်ဘင်မိုမမ် (Mr. Masud Bin Momen) တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။

 

အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု အခြေအနေနှင့် ကြုံတွေ့ရသည့် အခက်အခဲများဖြေရှင်းနိုင်ရေး၊ စိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်း စတင်နိုင်ရန်အတွက် အစီအမံများ ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

 

ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်နေရာချထားရေး အစီအမံများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများ မိမိဆန္ဒအလျောက် နေရပ်ပြန်စေရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများ စသည့်ကိစ္စရပ်တို့ကို နှစ်ဖက်ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်၌ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြန်လည်လက်ခံရေးစခန်းများ၊ ကြားစခန်းနှင့် နေရာချထားပေးမည့် ကျေးရွာများရှိ နေအိမ်များကို ပြန်လည်မွမ်းမံ ပြင်ဆင်နေမှု အခြေအနေများဆွေးနွေးခဲ့ကြပါတယ်။

 

ဝင်ရောက်လာမည့်သူများအတွက် အသက်မွေးဝမ်းကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွင် မိတ်ဖက်နိုင်ငံများ၊ အာဆီယံနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲအစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါတယ်။

 

ymg-mnn
#Yangon_Media_Group