#LocalNews
Published_14 June 2022

 

၈ တန်းအောင်ပြီးသူတိုင်း တက်ရောက်နိုင်မည့် ပထမဆုံးသမဝါယမစာရင်းကိုင်ပညာသင်တန်းကျောင်းများကို ဇွန်လ ၁၆ ရက်တွင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ တာဝန်ရှိသူကပြောသည်။

 

အဆိုပါ သင်တန်းကာလမှာ ၂ နှစ်ဖြစ်ပြီး ပထမနှစ်တွင်၊ Business Accounting ၊ Fundamentals of ICT ၊ သမဝါယမပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒတို့ကိုလည်းကောင်း၊ ဒုတိယနှစ်တွင် Cost Accounting ၊ Financial Accounting ၊ Computerized Accounting ၊ Business Organization and Management ၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို သင်ကြားကြရမည် ဖြစ်ကြောင်း သိရသည်။

 

သင်တန်းသားများ၏ Internship Period နှင့် သင်တန်းအပြီး အလုပ်အကိုင်တစ်ပါတည်းရရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် သမဝါယမအသင်းများကို ဖိတ်ခေါ်၍ Job Fair များ ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးအောင်မြင်သူများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့် သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့မှ သင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် သင်တန်းပြီးဆုံးအောင်မြင်သူများအနက် သတ်မှတ်အရည်အချင်း ပြည့်မီသူများသည် သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံ ခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်သင်ကြားနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

 

မြန်မာနိုင်ငံတွင် တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေးတို့တွင် သမဝါယမစာရင်းရေးစာရင်းကိုင်နှင့် သက်မွေးပညာသင်တန်းကျောင်းများ ရှိကြောင်း၊ သင်တန်းတက်ရောက်သူများအား နိုင်ငံတော်က စားသောက်စရိတ်အဖြစ် တစ်လလျှင် ငွေကျပ်သုံးသောင်းအပြင် ဝတ်စုံစရိတ် တစ်နှစ်စာ၂၅၀၀၀ ကျပ် ထောက်ပံ့ကာ နယ်မှ လာရောက်သူများအတွက် နေထိုင်ရန် အဆောင်စီစဉ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group