#LocalNews
Published - 14 June 2022

သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီးရှိ ပဲခူးမြစ်အတွင်း ရေလယ်ကျွန်း အပန်းဖြေစခန်း စီမံကိန်း အကောင်အထည်ဖော် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

"ရေပင်လယ်ကျွန်း အပန်းဖြေစခန်းစီမံကိန်းဆောင်ရွက်ဖို့အတွက် တင်ပြထားတယ်။ အခုကတော့ ရေလယ်အပန်းဖြေစခန်းတည်ဆောက်ဖို့ ဖြစ်နိုင်စွမ်းမြစ်ချောင်း လေ့လာဆန်းစစ် အကဲဖြတ်မှုနဲ့ ရေအရင်းအမြစ် သုံးစွဲမှုတွေကို လေ့လာဆန်းစစ်နေတုန်းပဲရှိသေးတယ်"ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးနောင်းနောင်းဟန်က ပြောသည်။

 

အဆိုပါ ရေလယ်ကျွန်းအပန်းဖြေစခန်း စီမံကိန်းတွင် အပျော်စီးသင်္ဘော ( River Cruise) ခရီးစဉ်များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ ပါဝင်သည့် စားသောက်ဆိုင်များ၊ သစ်ပင်ပန်းမန်နှင့် သီးနှံပင်များ စိုက်ပျိုးထားရှိမည့်စိုက်ခင်းများ၊ မြန်မာမှုလက်ရာများဖြင့် ပြုလုပ်ထားသော နားနေဆောင်များနှင့် နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစား လေ့လာနိုင်မည့်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ရေလွှာလျှော၊ ရေကန်၊ မြက်ခင်းတု၊ မြင်းစီးကွင်းများအပါအဝင် အဆင့်မြင့် ဟိုတယ်တစ်လုံးပါ ထည့်သွင်း တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

 

ရေပင်လယ်ကျွန်း အပန်းဖြေစခန်းကို ရေပေါ်တွင် တည်ဆောက်ရန် မြစ်ချောင်း လေ့လာဆန်းစစ် အကဲဖြတ်မှုနှင့် ရေအရင်းအမြစ်သုံးစွဲမှုများကို လေ့လာဆန်းစစ်နေသည်ဟုလည်း သိရသည်။

 

ရေပင်လယ်ကျွန်းအပန်းဖြေစခန်း တည်ဆောက်ပြီးစီးပါက ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ ရန်ကုန်မြို့၏ မြစ်ကြောင်း တစ်လျှောက်ရှိ နေဝင်ချိန်ဆည်းဆာအလှကို မြစ်တွင်းအပျော်စီးသင်္ဘောခရီးစဉ်ဖြင့် ကြည်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group