#LocalNews
Published_12 June 2022

 

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွင်း မြန်မာနိုင်ငံမှ အားကစားနည်း ၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်က သိရသည်။

 

အဆိုပါအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၆ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံအနေဖြင့် မြားပစ်၊ ပြေးခုန်ပစ်၊ Goalball ၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်ဘော်လီဘောနှင့် အလေးမ စသည့် အားကစားနည်း ၇ မျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွှေတံဆိပ် ၁၀ ခုကျော် ရရှိရန်မျှော်မှန်းထားကြောင်းလည်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၏ ဒုဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

 

"အခုက သူတို့ စနစ်တကျလေ့ကျင့်တာတွေလုပ်တယ်။ကျန်းမာရေးကို အဓိကစစ်ဆေးတယ်။လက်အတု ၊ ပြေးသမားတွေအတွက် ခြေအတု စတာတွေကိုလည်း စနစ်တကျ စစ်ဆေးရတာတွေ လုပ်နေတာပေါ့၊ပြိုင်ပွဲဝင်တွေကတော့ ဇူလိုင်လ ၂၆ ရက် နေ့လောက်ဆိုရင် သွားကြမယ်ပေါ့။အင်ဒိုနီးရှားကိုလေ။သန်စွမ်းကစားသမား ၆၉ ယောက်ရယ် နည်းပြ က ၂၁ ယောက်၊ပြီးတော့ အုပ်ချုပ်မှုအဖွဲ့တွေလိုက်ပါကြမယ်’’ဟု ယင်းကပြောသည်။

 

၉ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများအနေဖြင့် ရွှေတံဆိပ်ဆု ၁၁ ဆုရခဲ့ခြင်းဖြစ်သောကြောင့် လက်ရှိတွင် အပတ်စဉ်၊ လစဉ် ကျန်းမာရေးစစ်ဆေးမှုများ၊၊ ခြေတု၊လက်တု စစ်ဆေးမှုများ စသည်တို့ကို လုပ်ဆောင်ပေးနေကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group