#Local_News
Published_ 4 June 2022

 

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ CB ဘဏ်ခွဲ(၂)ကို ယမန်နေ့ညနေပိုင်းတွင် ဓားပြတိုက်သူများအား ညနေ ၃ နာရီ ခွဲခန့်တွင် ဘားအံ-မြိုင်ကြီးငူ ကားလမ်း၊ ကြိုချောင်းကျေးရွာ စစ်ဆေးရေးဂိတ်အနီး၌ လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၁၂၀၀ ကျော်၊ လက်နက်ခဲယမ်းများနှင့်အတူ နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

 

ယမန်နေ့ညနေ ၃ နာရီခန့်တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရေကျော်လမ်းရှိ CB ဘဏ်ခွဲ(၂)သို့ ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ လက်နက်ဖြင့် ခြိမ်းခြောက်၍ ဘဏ်အတွင်းရှိ ငွေကျပ်သိန်း ၁၂၅၄ သိန်းကိုယူဆောင်၍ ထွက်ပြေးသွားခဲ့သည့်အတွက် ဓားပြတိုက်မှုအား ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပိတ်ဆို့ဆောင်ရွက်ခဲ့ပါတယ်။

 

အဆိုပါ အကြမ်းဖက်အဖွဲ့သည် ဘားအံ-မြိုင်ကြီးငူ လမ်းကြောင်းအတိုင်း မောင်းနှင်ထွက်ပြေးခဲ့ရာ ကြိုချောင်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ၏ မော်တော်ယာဉ်မှာ လမ်းဘေးရှိ ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပါတယ်။

 

ထို့နောက်ယာဉ်ပေါ်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်သောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဉ်မောင်းသီဟအား အသေဖမ်းဆီးရမိကာ မောင်မောင်ဦးနှင့် ကျော်ကျော်တို့ကို Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၅ တောင့်၊ ဖုန်း ၁ လုံး၊ လုယက်ခဲ့သည့် ငွေကျပ် ၁၂၅၄ သိန်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။

 

ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးမှာ ရှမ်းရွာသစ်တွင် နေထိုင်လျက်ရှိသူ PDF များဖြစ်သည့် ကိုကြက်နှင့် ကုလားတို့ ဖြစ်ကြပါတယ်။

 

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးလွတ်မြောက်သွားသူများကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group