#LocalNews
Published_1 June 2022

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာအနီး၊ ညောင်ပင်ခြေကမ်းခြေတွင် မေလ ၃၁ ရက် ညနေပိုင်းက ဝေလငါးတစ်ကောင် သေဆုံးကာ သောင်တင်နေကြောင်း ရခိုင်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။

 

အဆိုပါ ဝေလငါး၏ အလျားမှာ ၁၀ ပေ ၂ လက်မ၊ လုံးပတ် ၄ ပေ ရှိကာ မည်သည့်အတွက် သေဆုံးသည်ကို မသိရသော်လည်း ကျောက်ဆောင်များဖြင့် ပွတ်တိုက်မိရာက ဒဏ်ရာရကာ သေဆုံးခြင်းဖြစ်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက မှတ်ချက်ပြုထားသည်။

 

လွန်ခဲ့သည့် ၃ နှစ်ခန့်ကလည်း အဆိုပါ ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာနှင့် ၅ မိုင်ခန့်အကွာရှိ ပင်လယ်ကမ်းစပ်တွင် ဝေလငါးတစ်ကောင် သောင်တင်ခဲ့ဖူးသေးကြောင်းလည်း သိရသည်။

 

ဝေလငါးသည် ကမ္ဘာတွင် အကြီးဆုံး ရေနေနို့တိုက်သတ္တဝါမျိုးဖြစ်ပြီး ပေ ၁၁၁ ပေထိ ရှည်နိုင်ကာ တန်ချိန်ပေါင်း ၉ဝ မှ ၁ဝဝ ခန့်ထိ ကြီးနိုင်သည့် သတ္တဝါ ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group