#LocalNews
Published_1 June 2022

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အရေးယူခံထားရသူ ၂၈၉၆ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင်ဦးခင်မောင်ဦးက ယနေ့ ဇွန်လ ၁ ရက်တွင်ကျင်းပသည့် နေပြည်တော်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသည်။

 

ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မဲမသမာမှုများ၊ တရားမဲ့ ပြုကျင့်သည့်ဖြစ်စဉ်များတွင်ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူ ၄၇၉ ဦး၊ တရားစွဲဆိုပြီး အမှုတွဲအရေအတွက် ၇၉ မှု၊ ယင်းအမှု ၇၉ မှုတွင် ကျူးလွန်သူ ၉၃ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးအမှုအရေအတွက် ၄၇ မှု၊ ပြစ်ဒဏ်ချမှတ်ရန်ကျန်သည့် အမှု ၃၂ မှု ရှိကြောင်း ယင်းက ဆိုသည်။

 

အရေးယူထားသည့်အထဲတွင် နိုင်ငံတော်သမ္မတဟောင်း၊ နိုင်ငံတော်အတိုင်ပင်ခံဟောင်း၊ပြည်ထောင်စုဝန်ကြီးဟောင်းဦးမင်းသူ အပါအဝင် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများ၊ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟောင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့များ စသည်တို့ပါဝင်ကြကြောင်း သိရသည်။

 

ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် ကြီးကြပ်ကွပ်ကဲရန် ပျက်ကွက်ခဲ့သူ ၂၄၁၇ ဦးရှိပြီး တရားစွဲဆိုပြီး အမှုတွဲအရေအတွက် ၃၇၃ မှု၊ ကျူးလွန်သူ၂၁၆၉ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီး ၃၆၄ မှု၊ပြစ်ဒဏ်ချမှတ်ရန်ကျန်နေသော အမှု ၉ မှု ရှိကြောင်းလည်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမှုပေါင်း ၁၀၇၇ မှု ဖြစ်ပွားခဲ့ရာ ရွေးကောက်ပွဲဥပဒေဖြင့် အမှု ၅၄၆ မှု၊ တရားစွဲတင်ပြီးအမှု ၃၄၅ မှု၊ ပိတ်သိမ်းခဲ့သော အမှု ၁၉၉ မှု၊ ဥပဒေအကြံပြုချက်တောင်းခံဆဲ ၂မှု ရှိခဲ့ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media Group