#Local_News
Published_ 29 May 2022

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ တည်ဆောက်နေတဲ့ သုခတော်ဝင်အိမ်ရာရှိ တိုက်ခန်း ၁၂၈ ခန်းကို မဲစနစ်နဲ့ ရောင်းချပေးမယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ကြေညာထားပါတယ်။

 

တိုက်ခန်း လျှောက်ထားလိုသူတွေအနေနဲ့ လာမယ့် ဇွန် ၁ ရက်ကစပြီး ဇွန်လကုန်ထိ လျှောက်လွှာပုံစံနဲ့ လျှောက်ထားရမှာဖြစ်ပြီး တစ်ယောက်ကို တိုက်ခန်းတစ်ခန်းသာ ဝယ်ယူခွင့်ပြုမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခန်းတန်ဖိုးတွေကတော့ မြေညီထပ်ကို ငွေကျပ် သိန်း ၃၅၀၊ ပထမထပ်ကို ငွေကျပ်သိန်း ၃၂၀၊ ဒုတိယထပ်ကို ငွေကျပ် သိန်း ၂၅၀ နဲ့ တတိယထပ်ကို ကျပ်သိန်း ၂၁၀ ဈေးနှုန်းနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

တိုက်ခန်းလျှောက်ထားသူတွေဟာ တိုက်ခန်းတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို အာမခံစပေါ်ငွေအဖြစ် ပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

 

တိုက်ခန်းတွေကို မဲစနစ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး မဲပေါက်သူတွေအနေနဲ့ မဲပေါက်ပြီး ရုံးဖွင့်ရက် ၇ ရက်အတွင်း တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

တိုက်ခန်းဝယ်ယူခွင့်ရရှိသူဟာ သတ်မှတ်ရက်အတွင်း ငွေပေးသွင်းခြင်းမရှိရင် တိုက်ခန်းဝယ်ယူခွင့်ပယ်ဖျက်ပြီး အာမခံစပေါ်ငွေ ၁၀ ရာခိုင်နှုန်းကို ကော်မတီပိုင်အဖြစ် သိမ်းယူမှာဖြစ်တယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ymg-mnn
#Yangon_Media_Group.