#LocalNews
Published - 24 May 2022

 

တရုတ်နိုင်ငံ၊ ချုံချင့်မြို့ကနေ ကွန်တိန်နာ အလုံးပေါင်း (၆၀)သယ်ဆောင်လာသည့် ရထားတွဲသည် ဇွန်လအတွင်း မန္တလေးမြို့သို့ရောက်ရှိလာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

 

အဆိုပါ ရထားတွဲသည် တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်းကနေ ခုတ်မောင်းမည်ဖြစ်ပြီး မေလ ၂၃ ရက်နေ့တွင် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှ စတင်ထွက်ခွာလာခဲ့ တာဖြစ်ပါတယ်။

 

ရထားတွဲ၌ စံချိန်မီကွန်တိန်နာပေါင်း အလုံး (၆၀) သယ်ဆောင်လာပြီး စက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ စသည်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

 

ရထားတွဲသည် ယူနန်ပြည်နယ် လင်ချန်းနယ်စပ်ဂိတ်မှတစ်ဆင့်ပြည်ထွက်၍ ကားလမ်းနှင့်ရထားလမ်း ပူးပေါင်းပို့ဆောင်သည့်ပုံစံဖြင့် (၁၅)ရက်အကြာတွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ရောက်ရှိမည်ဖြစ်ပြီး ဒါဟာ တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ)စတင် လည်ပတ်ခြင်းကို ကိုယ်စားပြုနေတယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။

 

ခရီးစဥ်ခန့်မှန်းတွက်ချက်မှုအရ ချုံချင့်နှင့်မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှု ကြာချိန်သည် သမားရိုးကျနည်းလမ်းထက် ရက် ၂၀ လျော့နည်းသွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀ ရာခိုင်နှုန်းလျှော့ချနိုင်မှာဖြစ်တယ်လို့ တရုတ်သံရုံး၏ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

 

ymg/kg
#Yangon_Media_Group