#LocalNews
Published - 22 May 2022

 

၂၀၂၂ ခုနှစ်ရဲ့ ပထမလေးလတာ ဇန်နဝါရီလကနေ ဧပြီလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော် ဝင်ရောက်ခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ပါတယ်။

 

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဇန်နဝါရီလမှာ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ဝင်ရောက်ခဲ့ပေမယ့် ဖေဖော်ဝါရီလမှာ အမေရိကန်ဒေါ်လာ ၂၄ နီးပါး အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။ မတ်လမှာ အမေရိကန်ဒေါ်လာ သန်း ၁၁၆ သန်းကျော်ထိ ပြန်ဝင်ရောက်လာခဲ့ပြီး ဧပြီလမှာ အမေရိကန်ဒေါ်လာခြောက်သန်းနီးပါးသာ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ISP Myanmar က ဆိုပါတယ်။

 

အဆိုပါကာလအတွင်းမှာ အာဆီယံနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုကအများဆုံးဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၅၄ ရာခိုင်နှုန်းအထိရှိတာကိုတွေ့ရပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ရှိပြီး စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်း ရှိခဲ့တာပါ။

 

ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် နှိင်းယှဥ်ကြည့်မယ်ဆိုပါက အခြားဝန်ဆောင်မှုများကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁၃ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ခဲ့ပြီးကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၂၂ သန်းကျော်နဲ့ ဒုတိယအများဆုံးဝင်ရောက်ခဲ့ပါတယ်။ အိမ်ခြံမြေကဏ္ဍမှာ အမေရိကန်‌ဒေါ်လာ ၃၈ သန်းကျော်၊ စွမ်းအင်ကဏ္ဍမှာ ၁၇ သန်းကျော်နဲ့ မွေးမြူ‌ရေးနှင့်‌ ရေလုပ်ငန်း ကဏ္ဍတွေမှာလည်း ၁၅ သန်းကျော် စီဝင်ရောက်ခဲ့ပါတယ်။ ဆောက်လုပ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်‌ငွေ့၊ စက်မှုဇုန်၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခဲ့ခြင်း မရှိတာကိုတွေ့ရကြောင်း ISP Myanmar ၏
သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။

 

ymg/kg
#Yangon_Media_Group