#LocalNews
Published -21 May 2022

 

အနောက်တောင်မုတ်သုံလေသည် မေလ (၂၄ - ၂၇) ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများသို့လည်းကောင်း၊ မေလ (၂၈) ရက်နေ့မှ ဇွန်လ (၄)ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့လည်းကောင်း ၀င်ရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမေလ(၂၁)ရက်တွင်ထုတ်ပြန်လိုက်သည်၊၊

 

"အခုရက်ပိုင်းအတွင်း အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသက စဝင်မယ်၊၊ မေလ(၂၀)ရက်နေ့လယ်ပိုင်းကနေ နောက် (၂၄)နာရီအတွင်း မြစ်ဝကျွန်းပေါ်ကစဝင်ပါမယ်၊၊ ပြီးမှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ တစ်နိုင်ငံလုံးကို မုတ်သုံလေဝင်ရောက်မယ်"
လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက YMG ကို ပြောပါသည်၊၊

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု သတိပေးချက်ထုတ်ပြန်ထားပါသည်၊၊

 

မေလ တတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၁)ပေမှ (၃)ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၄)ပေမှ (၆)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ပေမှ (၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်းနှင့် မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၁)ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည်သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် (၁)ပေမှ (၂)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁)ပေမှ (၂)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင်(၁)ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တိုတွင် (၁)ပေမှ (၃)ပေခန့်၊ သံလွင်မြစ်ရေသည် ဖားဆောင်းမြို့နှင့် ဘားအံမြို့တို့တွင် (၂)ပေမှ (၃)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ပေမှ (၂)ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ပေခွဲခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် (၁)ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၂)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်ထားပါသည်၊၊

 

ymg/tthl
#Yangon_Media_Group