#LocalNews
Published_18 May 2022

 

ယူနက်စကိုတင်ထားသည့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသမှ ဘုရား၊ ပုထိုး၊စေတီနှင့် သာသနိကအဆောက်အအုံများတွင် ကပ်နေသော သစ်ပင်များနှင့်ရေညှိများကို ဇွန်လအတွင်း ဓာတုဆေးဝါးအသုံးပြု ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရသည်။

 

အသုံးပြုမည့် ဓာတုဆေးဝါးများမှာ အက်ဆစ်ဓာတ်ပါဝင်သည့် (အမိုနီယမ်ဘိုင်ကာဗွန်နစ်အက်ဆစ်)နှင့် (ဆိုဒီယမ်ဘိုင်ကာ ဗွန်နစ်အက်ဆစ်) စသည့်ဓာတုဆေးများဖြစ်ပြီး ယင်းတို့ကို ဆေးထိုးအပ်၊ ဂွမ်း၊ ပိုက်တံ၊ တစ်ချူးတို့ အသုံးပြု၍ ရှင်းလင်းသွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ တာဝန်ရှိသူက ပြောသည်။

 

“အမိုနီယမ်ဘိုင်ကာဗွန်အက်ဆစ်နဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နစ်အက်ဆစ်ဆေးတွေကို ရေနဲ့ဖျော်ပြီးတော့ ရေသောက်မြစ်ကို ဆေးထိုးအပ်နဲ့ လိုအပ်သလို ထိုးသွင်းပြီးတော့ သတ်တဲ့နည်းနဲ့ လုပ်သွားမှာပါ။ ဆေးက အပြင်းစားမဟုတ်တဲ့အတွက် ကျောက်နဲ့ဆောက်တဲ့ အဆောက်အအုံတွေအတွက် ထိခိုက်စေနိုင်တာမရှိပါဘူး၊ ယူနက်စကို တင်ပြီးကတည်းကလည်း အဆောက်အအုံတွေကို သန့်ရှင်းရေး ပြုလုပ်နေတာ ရှိတယ်။ ဒါပေမဲ့ သာသနိကအဆောက်အအုံတွေမှာတွင် ပေါက်နေတဲ့
အပင်တွေကို စက်ကိရိယာတွေနဲ့ ရှင်းရင်ထိခိုက်နိုင်တယ်။ ဒါကြောင့်ဓာတုနည်းကို အသုံးပြုမှာဖြစ်ပါတယ်"ဟု ယင်းက ပြောသည်။

 

ယခုအခါ ရှင်းလင်းရမည့်အပင်အရေအတွက်၊ အဆောက်အအုံအရေအတွက် စာရင်းကောက်ယူနေပြီး ရှင်းလင်းပြီးပါကလည်း လေဒဏ်၊ မိုးဒဏ်ခံနိုင်မည့် ဆေးဝါးများသုတ်လိမ်းပေးသွားမည်ဖြစ်ကြောင်း၊ ဓာတုနည်းပညာဖြင့် ရှင်းလင်းရန် ကျွမ်းကျင်သော နည်းစနစ်ဖြစ်စေရေးအတွက်လည်း မြောက်ဦးအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့၊ ဂေါပကအဖွဲ့၊ မြောက်ဦးလူငယ်များအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဒေသခံများ စသည်တို့ကို ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေး ပညာရှင်များက သင်တန်းပို့ချထားကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group