#LocalNews
Published_16 May 2022

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများကို သပြေဝဆိုလာ ဓာတ်အားပေးစက်ရုံအနီးရှိ မြေလွတ်မြေရိုင်းများပေါ်တွင် ထပ်မံတိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောသည်။

 

မေလ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ Clean Power Energy Co.,Ltd မှ တည်ဆောက်ထားသော ၃၀ မဂ္ဂါဝပ် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှုနှင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံတို့မှ ဓာတ်အားဖြန့်ဖြူးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းက အထက်ပါအတိုင်း ပြောခြင်း ဖြစ်သည်။

 

သပြေဝနေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတွင် ဆိုလာ Tracking System တပ်ဆင်ထားခြင်းကြောင့် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်သည်ကို တွေ့ရှိရသဖြင့် နောင်ပြုလုပ်မည့် ဆိုလာစီမံကိန်းများတွင်လည်း ဆိုလာ Tracking System နည်းပညာကို အသုံးပြုသွားရန် လိုကြောင်းလည်း ယင်းကပြောသည်။

 

သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်၊ သပြေဝကျေးရွာအနီးရှိ မြေဧရိယာ(၁၃၃ ဒသမ ၄၄)ဧကပေါ်တွင် တည်ရှိပြီး စက်တပ်ဆင်အင်အားမှာ (၃၀)မဂ္ဂါဝပ်ဖြစ်ကာ အမြင့်ဆုံးလျှပ်စစ်စွမ်းအားနှုန်း (၄၅၅)ဝပ် ရှိသည့် Bifacial Monocrystalline Silicon Module ပေါင်း (၈၃၇၅၂)ခု Single Axis Solar Tracker (၉၆၆)စုံ တပ်ဆင်ထားပြီး မြန်မာနိုင်ငံတွင် ဒုတိယမြောက် အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံဖြစ်ကာ အဆိုပါ ဓာတ်အားပေးစက်ရုံမှ တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ (၂)သိန်းကျော်ခန့် ထုတ်လုပ်ကာ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၆၆) သန်း ထုတ်လုပ်ပေးလျက်ရှိပြီး ထွက်ရှိလာသည့်လျှပ်စစ်ဓာတ်အားများကို (၄)မိုင်ခန့်ရှိသည့် ၃၃ ကေဗွီ နှစ်ထပ်ကောင်းကင်ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မ ဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group