#LocalNews
Published - 14 May 2022

 

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော (၃၉)ကြိမ်မြောက်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ဒီကနေ့ မေလ ၁၄ ရက်၊ နံနက် အစောပိုင်းအချိန်တွင် စေတီတော်ရင်ပြင်တော်ရှိ ဗောဓိညောင်ပင်၌ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ရုံးဝန်ထမ်းများဖြင့် ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်းတွင် လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ပန်း၊ရေချမ်း၊သစ်သီး၊ဆီမီး၊အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ကြတာပါ။

ဆက်လက်၍ နံနက် ၆ နာရီခွဲ အချိန်တွင် ရွှေတိဂုံစေတီတော်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ သြဝါဒါစရိယဆရာတော်ကြီးများကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၇ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများမှ ညောင်ရေသွန်းလောင်းရန် ညောင်ရေအိုးများ ကိုယ်စီကိုင်ဆောင်ကာ ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များတန်ဆောင်းမှစတင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကြပါတယ်။

ထိုနောက် နံနက် ၇ နာရီခွဲအချိန်တွင် အခမ်းအနားကျင်းပမည့် အင်္ဂါထောင့်ဗောဓိညောင်ပင်တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများမှ "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကြပြီးပရိဘောဂစေတီ(မဟာဗောဓိညောင်ပင်)အား ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူပြီးနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သြဝါဒါစရိယ၊ ဆရာတော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ(ယောဆရာတော်ဘုရားကြီး)ထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သြဝါဒါစရိယ၊ ဆရာတော်ဘဒ္ဒန္တ နာဂိတထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေခဲ့ကြပါတယ်။

ဆက်လက်၍ ရွှေတိဂုံစေတီတော်သြဝါဒါစရိယဆရာတော်ကြီးများက မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များမှ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပြီး ထို့နောက် ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန်များ၊ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများက သတ်မှတ်ထားသော ကဗျာ၊လင်္ကာ၊သံပေါက်များ ရွတ်ဆိုဆုတောင်း၍ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပြီးနောက် အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ - ရွှေတိဂုံစေတီတော် (Page)

 

ymg/kg
#Yangon_Media_Group