#Local_News
Published_ 14 May 2022

 

တပ်မတော်သို့ဝင်ရောက်စဥ် အသက် ၁၈ နှစ် မပြည့်သေးသူ ၂၈ ဦးအား စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်ပြု၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။လွှဲပြောင်းအပ်မှု (၁၇) ကြိမ်အတွင်း ၁၀၅၇ ဦးအား လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သိရပါတယ်။

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲတို့၏ အစီအစဉ်ဖြင့် တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက်စိစစ်၍ စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့် ပြုလျက်ရှိတယ်လို့ ဆိုပါတယ်။

 

နုတ်ထွက်ခွင့်ရရှိသူများနှင့် မိဘ/အုပ်ထိန်းသူများကို မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှစီစဉ်သော ကြားကာလပြုစုစောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်ပေးတယ်လို့ ဆိုပါတယ်။

 

ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ်မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆေးဝါးကုသရန် လိုအပ်မှုရှိ/မရှိစစ်ဆေး၍ လိုအပ်က ဆေးဝါးကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါကကျောင်းပြန်တက်ရန်၊ အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိပါက မျှတသောအလုပ်အကိုင်ရရှိနိုင်ရန်၊ လိုအပ်သည့် ကျွမ်းကျင်မှုများ သင်ယူရန်၊ ဖြစ်နိုင်ခြေများဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန်ခရီးစရိတ်နှင့် စားစရိတ်များ စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းသိရပါတယ်။

 

ymg-mnn
#Yangon_Media_Group