#LocalNews
Published_12 May 2022

 

ပတ်စ်ပို့စာအုပ်မလိုဘဲ Border Pass ဖြင့် ထိုင်းနိုင်ငံသို့သွားရောက်၍ အလုပ်လုပ်ခွင့် ရရှိရေးအတွက် ယနေ့ မေလ ၁၂ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ယင်းသို့ သွားရောက်လုပ်ကိုင်ခွင့် ရရှိလျှင် မြန်မာနယ်စပ်အထွက်ဂိတ်မှ ကိုယ်ပိုင်မှတ်ပုံတင်ပြ၍ ၃ လ သက်တမ်းရှိ Border Pass နယ်စပ်ဖြတ်ကျော်စာအုပ် တစ်ပါတည်းရရှိမည်ဖြစ်ပြီး Border Pass ကိုလည်း တစ်လ တစ်ကြိမ် သက်တမ်းတိုးနိုင်စေရန် ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ထားကြောင်းလည်း သိရသည်။

 

"မေလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တွေ ဖြစ်တဲ့ မဲ့ဆောက်၊ ကန်ကျနဘုရီ၊ ရနောင်းတွေမှာ အလုပ်သမားခေါ်ယူဖို့ ဆွေးနွေးတာ၊ ထိုင်းနိုင်ငံနယ်စပ်အလုပ်သမား ဥပဒေနဲ့ အလုပ်သမားခေါ်ဖို့ ရှိတယ်လို့ သိရတယ်။

 

ပတ်စ်ပို့စာအုပ်မလိုဘူးပေါ့ Border Pass စာအုပ်နဲ့ပဲ သွားရောက်အလုပ်လုပ်ခွင့်ရရင် ပိုကောင်းတယ်။ မြန်မာနိုင်ငံမှာက အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းနေတော့ ထိုင်းဘက်ကို သွားပြီး အလုပ်လုပ်ချင်သူတွေအတွက် ဒီနည်းလမ်းက ကောင်းတယ်"ဟု ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

 

ထိုင်း-မြန်မာနယ်စပ် မဲဆောက် - မြဝတီနှင့် ရနောင်းဘက်ခြမ်းမှ မေလတစ်ရက်ကစ၍ Border Pass ဖြင့် ထိုင်းနိုင်ငံကို ဝင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက သတင်းထွက်ပေါ်ခဲ့သေးသည်။

 

ymg/mt
#Yangon_Media_Group