#LocalNews
Published - 9 May 2022

 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့ံနယ်၊ ကမ္ဘာအေးဘုရား ကားမှတ်တိုင်အနီးတွင် ဆရာလေးတစ်ပါး လဲကျ သေဆုံးခဲ့ရသည့် ဖြစ်စဥ်တစ်ခု ဒီကနေ့ မေလ ၉ ရက်၊ မွန်းလွဲပိုင်းအချိန်က ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။

 

ထိုသို့ ဖြစ်ပွားခဲ့တာဟာ အပူရှပ်ခြင်းကြောင့်ဖြစ်နိုင်တယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ယူဆထားပါတယ်။

 

"ဒီကနေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က မိုးသည်းသည်းမဲမဲရွာနေတဲ့အချိန် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း ကမ္ဘာအေးဘုရား ကားမှတ်တိုင်အနီးမှာ အသက် (၁၇)နှစ်အရွယ် သီလရှင်ဆရာလေးတစ်ပါး လဲကျနေကြောင်း ကျနော်တို့ရုံးသို့ အပြေးလာရောက်ပြောပြသဖြင့် အရေးပေါ် လူနာတင်ယာဥ်နဲ့ရောက်ရှိ၍ စမ်းစစ်ခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ရောက်ချိန်မှာ ဆရာလေးက အသက်မရှိတော့ပါဘူး။ ဆရာလေး လဲကျသည့်နေရာမှာ ကားပျက်နေတဲ့ YBS ယာဥ် ကွယ်နေလို့ မတွေ့မမြင်ကြတာရယ် သိရှိတဲ့ အချိန်မိနစ် ၃၀ ခန့် ကြာ အချိန်နောက်ကျတာရယ်ကြောင့် ဘယ် လိုမှ အသက်မကယ်နိုင်ခဲ့ပါဘူး။ များစွာစိတ်မကောင်းဖြစ်ရပါတယ်။"လို့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ပေးခဲ့သည့် မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့ (ရန်ကုန်) West YRO က ကိုလွင်မောင်က ပြောပါတယ်။

 

သေဆုံးသူ ဆရာလေး၏ (Dead Body)ကိုလည်း ရန်ကုန်လူမှုကူညီရေး(နာရေး)ကားဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ အဆိုပါ လူမှုကူညီရေးအသင်းက ပြောပါတယ်။

 

"နေတွေက တအားပူ မိုးကရွာချလိုက်တော့ အပူရှပ်တာလဲ ဖြစ်နိုင်တာပါပဲ။ ဆရာလေးတစ်ပါး လဲကျသေဆုံးခဲ့တာပါ။ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ကြဖို့ကို ပြောချင်ပါတယ်။"လို့ သူနာပြု ဆရာမတစ်ဦးကလည်း ယင်းဖြစ်စဥ်အပေါ် မှတ်ချက်ပြုထားခဲ့ပါတယ်။

 

ဓါတ်ပုံ - West YRO

 

ymg/kg
#Yangon_Media_Group