#LocalNews
Published_9 May 2022

 

မြန်မာနိုင်ငံသားတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်မှ သေနတ်သမားအား ဖမ်းဆီးမိပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။

 

ပြီးခဲ့သည့် မေလ ၆ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ကော့လတ်ခရိုင်၊ ပကျွတ်စီရီခန်ပြည်နယ် စိုင်ဗန်းနောင်ခမ်လမ်း -နောင်နွန်လမ်းကြားတွင် အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ်ခန့်အရွယ် မြန်မာနိုင်ငံသားအမျိုးသားတစ်ဦး သေဆုံးခဲ့ကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။

 

ပစ်ခတ်ခဲ့သော သေနတ်သမားမှာ အသက် ၅၁ နှစ်အရွယ်၊ ပကျွတ်ခီရီခန်ပြည်နယ်၊ ကော့လတ်ခရိုင်ခွဲတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းမှာလုံခြုံရေးသင်တန်းအောင်မြင်ခဲ့ကာ ခရိုင်မှူးခန့်အပ်ထားသည့် ဒေသန္တရအုပ်ချုပ်ရေး တာဝန်ရှိသူဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာတွင် ဝတ်ဆင်ထားသော ဒေသန္တရကျေးရွာလုံခြုံရေး ဝတ်စုံနှင့် ၁၂ လက္မအရှည် သေနတ်နှင့် ကျဉ် ၈ တောင့် ၊ လက်မောင်းတံဆိပ်၊အခြားသော အသုံးဆောင်ပစ္စည်းများဖြင့် လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

 

တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦး တင်ဆောင်လာသော ယင်းမော်တော်ယာဉ်က စစ်ဆေးရေးဂိတ်မှ ဖြတ်ကျော်မောင်းနှင်ထွက်ပြေးလာစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group