#Local_News
Published_ 23 April 2022

 

ရခိုင်ပြည်နယ်က ယာယီစခန်းတွေမှာ နေရပ်စွန့်ခွာသူ ၂၈,၀၀၀ ကျော်နေထိုင်နေတဲ့ တန်းလျားရှည်အလုံး ၅၅၀ ဟာ မိုးရာသီမတိုင်ခင်ပြုပြင်ဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်ထားပါတယ်။

 

တန်းလျားတွေပြုပြင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၄.၇ သန်း လိုအပ်တယ်လို့ UNOCHA ရဲ့ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက် ရန်ပုံငွေလိုအပ်ချက်ဟာ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၇၈၇ သန်းရရှိဖို့လိုအပ်ပြီး ၃၉ သန်းသာ ရရှိထားတယ်လို့ဆိုပါတယ်။

 

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးဖို့အတွက် ရန်ပုံငွေရရှိမှုဟာ ၂၀၂၂ ခုနှစ်အတွင်း တောင်းခံထားတဲ့ပမာဏနဲ့ယှဉ်ရင် နည်းပါးနေဆဲ ဖြစ်ပါတယ်။ဧပြီလ ၁၁ ရက်အထိ စာရင်းများအရ နိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာ နေထိုင်သူပေါင်း ၉၁၂,၇၀၀ ဦးခန့်ရှိတယ်လို့ ဆိုပါတယ်။

 

ဒီအထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အိုးအိမ်စွန့်ခွာရသူဦးရေ ၅၆၆,၁၀၀ ပါဝင်ပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ နေရပ်စွန့်ခွာ ရသူဦးရေဟာ လူ ၃၀၀,၀၀၀ ကျော်နိုင်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

 

စားနပ်ရိက္ခာဖူလုံရေး အကူအညီပေးတဲ့မိတ်ဖက်အဖွဲ့အစည်းတွေဟာ လူဦးရေ ၁.၄ သန်းထံကို အရေးပေါ်အကူအညီတွေ ပေးထားပြီးပါပြီ။ ဒါဟာ ၂၀၂၂ ခုနှစ်အတွက် ဒီကဏ္ဍမှာ လျာထားတဲ့ သုံးလစာပမာဏလည်းဖြစ်တယ်လို့ ဆိုပါတယ်။

 

မိုးတွင်းကာလမ‌ရောက်ခင် ဘေးအန္တရာယ်ကျရောက်နိုင်ဖွယ်ရှိရာဒေသတွေမှာ အရေးပေါ်အခြေအနေတွေကြုံလာရင် အချိန်နဲ့တပြေးညီ ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရေးအစီအစဉ်တွေကို ပြင်ဆင်နေပြီလို့လည်း UNOCHA က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

ymg-mnn
#Yangon_Media_Group