#Local_News
Published_ 22 April 2022

 

မန္တလေးနန်းမြို့ရိုးအရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတို့တွင် တည်ဆောက်ဖွင့်လှစ်ခဲ့တဲ့ ရတနာပုံဥယျာဉ်အတွင်း အများပြည်သူများအနေဖြင့် လာရောက်အပန်းဖြေ အနားယူနိုင်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားပါတယ်။

 

ပြည်သူများလာရောက် အပန်းဖြေခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ရန် နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၇ နာရီအထိ ဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ရတနာပုံ ဥယျာဉ်အတွင်းသို့ ၂၆ လမ်း နှင့် ၇၃ လမ်း၊ ကျော်မိုးတံခါး မင်္ဂလာတံတား ဝင်ပေါက်၊ ၆၆ လမ်းနှင့် ၁၉ လမ်း ဦးထိပ် တံခါးဝင်ပေါက် နှင့် လမ်း ၈၀ နှင့် ၂၂ လမ်း ကြေးမုံတံခါး ဝင်ပေါက်များမှ အခမဲ့ ဝင်ရောက်နိုင်ကြောင်းသိရပါတယ်။

 

ရတနာပုံဥယျာဉ်အတွင်း လူလျှောက်လမ်းများ၊ ပေ ၃၀ အကျယ် နိုင်လွန်ကတ္တရာ လမ်း၊ ၂ ဒသမ ၆၄ မိုင်အရှည်အား အမြန်လျှောက်လမ်း၊ ပြေးလမ်းများအဖြစ် အသုံးပြုနိုင်ပြီး ၁၀ ပေ အကျယ် မြက်ခင်း ၂ ခုကြားတွင် မိသားစု ပျော်ရွှင်စွာလမ်းလျှောက်နိုင်ရန် တည်ဆောက်ပေးထားသော လမ်းကြောင်းတစ်လျှောက် ပုံမှန်လမ်းလျှောက်ခြင်းနှင့် ပန်းအလှပင်များအကြား နားနေနိုင်ရန် ထိုင်ခုံများ တည်ဆောက်ထားပါတယ်။

 

နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ကျန်းမာရေး အားကစားလှုပ်ရှားမှုများ ပြုလုပ်နိုင်တဲ့အပြင် မင်္ဂလာအကြို အလှပုံရိုက်ကူးခြင်း၊ မွေးနေ့ မင်္ဂလာဧည့်ခံပွဲများ၊ အထိမ်းအမှတ်ပွဲများကိုလည်း ကျင်းပနိုင်ရန် ၂၆ လမ်း ၆၆ လမ်းနှင့် လမ်း ၈၀ ကြားနှင့် ၆၆ လမ်း ၁၂ လမ်းမှ ၂၆ လမ်းကြားတွင် ကျုံးနှင့် မြို့ရိုးအကြား ပေ ၃၀၀ အရှည်၊ ပေ ၄၀ အကျယ်ရှိသည့် ရင်ပြင်များ တည်ဆောက်ထားပါတယ်။

 

ထို့ပြင် ကျန်းမာရေးအတွက် သန့်စင်ခန်း ၂ ခန်းအား တောင်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းများတွင် ထည့်သွင်းတည်ဆောက်ထားရှိပြီး မကြာမီကာလတွင် စက်ဘီးငယ်များအား သတ်မှတ်နာရီနှုန်းဖြင့် စီးနင်းနိုင်ရန် အစီးရေ ၁၀၀ စီစဉ်ထားပြီး၊ နိုင်လွန်ကတ္တရာလမ်း တစ်လျှောက် လူကြီး၊ လူငယ်များ ၂ ဒသမ ၆၄ မိုင်ကို လှည့်လည်ကြည့်ရှုနိုင်ရန် Buggy ကားငယ် ၁၅ စီးကိုလည်း တောင်ဘက်၊ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် စီးနင်းနိုင်ရန် စီစဉ်ထားပါတယ်။

 

နိုင်ငံခြားသားခရီးသွား ဧည့်သည်များအတွက် ၆၆ လမ်း နှင့် ၁၉ လမ်းဘက် ဝင်ပေါက်တွင် ကားကြီး၊ ကားငယ်များ ဝင်ရောက်ရပ်နားနိုင်ပြီး ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု၍ အနားယူစားသုံးနိုင်ရန် ကော်ဖီ၊ အအေးဆိုင် ၅ ဆိုင်ကို ခေတ်မီ Container Box Coffee Shop များဖြင့် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group