#Local_News
Published_ 20 April 2022

 

ထိုင်းနိုင်ငံ၌ ရောက်ရှိနေပြီး နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားများအား မြဝတီမြို၊ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခဲ့ရာ ဧပြီ ၁၈ ရက်တွင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား ၃၁၆ ဦး ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

ထိုသို့ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုလက်ခံကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။

 

ပြန်လည်ဝင်ရောက်လာသူများထဲမှ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးသို့ ပြန်မည့်သူများကို မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

 

အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်၊ မဲကနယ်နှင့် ကျောက်လုံးကြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးခြင်း ဖြစ်ပါတယ်။

 

ပြန်လည်ဝင်ရောက်လာသူများမှာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၉၀ ဦး၊ အမျိုးသမီး ၁၂၆ ဦး စုစုပေါင်း ၃၁၆ ဦးရှိကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group