#LocalNews
Published - 19 April 2022

 

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် သစ်ပင်ကြီးများပြိုလဲပြီး လူနေအိမ်အချို့နှင့် လူမှုရေးအသင်းကား လူနာတင်ယာဥ်အချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ဒီကနေ့ ဧပြီ ၁၉ ရက်တွင် စစ်ကိုင်းမြို့၊ပိုးတန်းရပ်ကွက်တွင် စိန်ပန်းပင် (၁)ပင်၊ မန်ကျည်းပင် (၁)ပင်၊ နန္ဒဝန်ရပ်ကွက်ရှိ တာရိုးကြီးလမ်းတွင် သရက်ပင်(၁)ပင်၊ ဧမြဝတီရပ်ကွက် ကြေးဘုရားအနီးတွင် ကုက္ကိုပင်(၁)ပင်၊ သောတပန်ရပ်ကွက် ဝေဇယန္တာလမ်းတွင် မန်ကျည်းပင် (၁)ပင်၊ စိန်ကုန်းရပ်ကွက် ဦးဗိုလ်သန်းလမ်းတွင် မန်ကျည်းပင်(၁)ပင်၊ ထုံးဘိုရပ်ကွက်
သဲဆိပ်ဆင်းလမ်းတွင် သကြားပင် (၁)ပင်တို့ လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုလဲခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တာပါ။

ဒါ့အပြင် မြင်းမူမြို့နယ်၊ အထက(၁)ကျောင်းရှေ့တွင် သစ်ပင်လဲကျပြီး ဓာတ်တိုင်ကျိုးသည့် နေရာများနှင့် မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၊ နယ်မြေ(၁၅)၊ နန်းချယ်ရီလမ်းတွင် ညောင်ကိုင်းကျိုးကျမှုတို့ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအဖွဲ့တို့က ပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရတာဖြစ်ပါတယ်။

 

"မုံရွာမှာဆိုရင် ကျေက္ကာလမ်းပေါ့ အဲ့ဒီလမ်းမကြီးပေါ်မှာ သစ်ပင်တွေကျိုးကျနေတယ်လို့သတင်းရလို့ မုံရွာခရိုင်မီးသတ်တပ်ဖွဲ့နဲ့အတူ ရှင်းလင်း‌ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ရပါတယ်။"လို့ မုံရွာမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အလားတူ ဧပြီ ၁၈ ရက် နေ့က မန္တလေးတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် လူနေအိမ်များပေါ်သို့ သစ်ပင်များလဲကျခြင်း၊ ဓါတ်တိုင်များ လဲကျခြင်းနှင့် လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မန္တလေးမြို့အခြေစိုက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၉၀)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၆၀)ဦး တို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

အဆိုပါ မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် ဒေသခံလူမှုကူညီရေးအသင်းဖြစ်တဲ့ သာသနာ့ပါလမှ အသင်းမှ လူနာတင်ယာဥ်အချို့ပေါ်သို့ သစ်ပင်ကြီးများလဲကျပြီး ပျက်စီးဆုံးရှုံးမှု တွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

 

Photo - MFSD

ymg/kg
#Yangon_Media_Group